ဩဂုတ် ၄၊ ၂၀၂၆ | New Day Myanmar
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေချိန်မှာ လူမှုကွန်ရက်ပေါ်က အကူအညီတောင်းခံထားတဲ့ နေရာတွေနဲ့ မြေပြင်မှာ အမှန်တကယ် ကယ်ဆယ်ရတဲ့နေရာတွေ ကွဲလွဲနေသလို Live လွှင့်တာ၊ အာရုံစိုက်ခံရရေး လုပ်ဆောင်တာတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်နေတယ်လို့ မြေပြင်ပရဟိတအဖွဲ့တွေက ဝေဖန်ပြောဆိုလာပါတယ်။
“လိုင်းပေါ်မှာ အကူအညီတောင်းတာက တစ်ဖွဲ့၊ တကယ် လှေနဲ့သွားကယ်တော့ မပြောထားတဲ့နေရာတွေ ဖြစ်နေတယ်။ ကားတွေအများကြီးနဲ့ လှေတွေတင်လာပြီး Live လွှင့်တာ၊ နေရာတကာ ဆရာကြီးလုပ်တာတွေ၊ ဆယ်လီတွေလာပြီး ဓာတ်ပုံရိုက်တာတွေက မြေပြင်အလုပ်ကို ပိုရှုပ်စေတယ်။ မကူညီရင် နေကြပါ၊ လာမနှောင့်ယှက်ကြပါနဲ့။ ရေက အခုထိ မကျသေးဘူး” လို့ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ၂၀၁၅ ခုနှစ် ရေဘေးကတည်းက ဒေသအတွင်း ကယ်ဆယ်ရေးလုပ်ငန်း အတွေ့အကြုံရှိပြီး ဒေသအခြေအနေနဲ့ မြေပုံအချက်အလက်တွေကို နားလည်တာကြောင့် အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို ကြိုတင်ရှင်းပြခဲ့ပေမယ့် နားမထောင်ဘဲ မိမိတို့လုပ်လိုတဲ့ ပုံစံအတိုင်း ဆောင်ရွက်နေကြတယ်လို့လည်း ဆိုပါတယ်။
“ကုန်ပစ္စည်းကြော်ငြာတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ပြသတာမျိုးတွေက ရေဘေးကယ်ဆယ်ရေးအချိန်မှာ မသင့်တော်ပါဘူး” လို့လည်း သူက ထောက်ပြပါတယ်။
လက်ရှိ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း လူမှုကွန်ရက်မှာ နာမည်ကြီးသူတွေ၊ အနုပညာရှင်အချို့နဲ့ အလှမယ်တွေပါ ပါဝင်နေပြီး ဆယ်လီအချို့ရဲ့ ကယ်ဆယ်ရေးလှုပ်ရှားမှုတွေဟာ လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
တစ်ဖက်မှာလည်း မြေပြင်ပရဟိတအဖွဲ့တွေက ရေဘေးအရေးပေါ်ကာလမှာ အမှန်တကယ်လိုအပ်တာဟာ ဒေသအခြေအနေကို နားလည်သူတွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အနှောင့်အယှက်မဖြစ်စေဖို့ တိုက်တွန်းထားပါတယ်။

