၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
မူလရှိခဲ့တဲ့ ဒီရေတောဧရိယာတဝက်ကျော် ပျောက်ကွယ်သွားပြီဖြစ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ဒီရေတောတွေကို ဒေသခံတွေကိုယ်တိုင် စီမံခန့်ခွဲ၊ ထိန်းသိမ်းပြီး ပြန်လည်ထူထောင်နိုင်ဖို့ မြို့နယ်အဆင့် လူထုသစ်တောအသင်းတွေ စတင်ဖွဲ့စည်းနေပါတယ်။
နိုင်ငံတကာသဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) က WWF-Myanmar၊ ဒီရေတောနဲ့ သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေး၊ ထိန်းသိမ်းရေးအသင်း (MERA) တို့နဲ့ ပူးပေါင်းပြီး ဖျာပုံ၊ ဘိုကလေးနဲ့ လပွတ္တာမြို့နယ်တွေမှာ လူထုသစ်တောအသင်းတွေ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေတာပါ။
စီမံကိန်းကို Global Mangrove Alliance က ရန်ပုံငွေထောက်ပံ့ထားပြီး ဒီရေတောတွေ ရေရှည်တည်တံ့စွာ စီမံခန့်ခွဲရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ဒီရေတောနဲ့လိုက်လျောညီထွေတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဖော်ဆောင်ရေးနဲ့ အမျိုးသမီး၊ လူငယ်တွေရဲ့ ပါဝင်မှု တိုးမြှင့်ရေးတို့ကို ဦးတည်ထားပါတယ်။
၂၀၂၆ ခုနှစ်အစပိုင်းမှာ မြို့နယ်သုံးခုက လူထုသစ်တောအသုံးပြုသူအဖွဲ့ ၅၀ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဖွဲ့တဖွဲ့စီက ကိုယ်စားလှယ်သုံးဦး ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခံရသူတွေဟာ ဇွန်နဲ့ ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ မြို့နယ်အဆင့်ဆွေးနွေးပွဲတွေမှာ အသင်းဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ အဖွဲ့ဝင်စနစ်နဲ့ စီမံခန့်ခွဲမှုပုံစံတွေ ပါဝင်တဲ့ အသင်းစည်းမျဉ်းမူကြမ်းတွေကို ရေးဆွဲခဲ့ကြပါတယ်။
လူထုသစ်တောအသင်းတွေဟာ ရှိပြီးသား လူထုသစ်တောအသုံးပြုသူအဖွဲ့တွေကို ဖျက်သိမ်းအစားထိုးမှာ မဟုတ်ဘဲ ကျေးရွာအသီးသီးက အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် မြို့နယ်အဆင့်ကွန်ရက်အဖြစ် ရပ်တည်မှာ ဖြစ်ပါတယ်။
အဖွဲ့တွေ ပူးပေါင်းလာတာကြောင့် တရားမဝင်သစ်ခုတ်မှု၊ ဒီရေတောမြေကို တခြားလုပ်ငန်းတွေအတွက် ပြောင်းလဲအသုံးပြုမှုနဲ့ သဘာဝနေထိုင်ရာဒေသတွေ အဆက်အသွယ်ပြတ်တောက်လာမှုလို ကျေးရွာတရွာချင်းစီက ဖြေရှင်းဖို့ခက်တဲ့ ပြဿနာတွေကို စုပေါင်းကိုင်တွယ်နိုင်မယ်လို့ IUCN က ဆိုပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်က ဒီရေတောတွေဟာ စိုက်ပျိုးမြေတိုးချဲ့မှု၊ စည်းကမ်းမဲ့သစ်ခုတ်မှု၊ ထင်းအဖြစ်အသုံးပြုမှုနဲ့ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းတွေ တိုးချဲ့လာမှုကြောင့် ဆယ်စုနှစ်တွေအတွင်း မူလဧရိယာရဲ့ တဝက်ကျော် ဆုံးရှုံးထားရပါတယ်။
ဒီရေတောတွေဟာ ငါးနဲ့ ရေနေသတ္တဝါတွေရဲ့ မျိုးပွားရာနေရာဖြစ်သလို ကာဗွန်စုပ်ယူသိုလှောင်ပေးခြင်း၊ မုန်တိုင်းနဲ့ မုန်တိုင်းဒီရေဒဏ်ကနေ ကမ်းရိုးတန်းဒေသတွေကို ကာကွယ်ပေးခြင်းနဲ့ ဒေသခံထောင်ပေါင်းများစွာရဲ့ အသက်မွေးဝမ်းကျောင်းကို ပံ့ပိုးပေးခြင်းတို့မှာ အရေးပါပါတယ်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ခန့် သေဆုံးခဲ့ရမှုကလည်း သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ရာမှာ ကျန်းမာကောင်းမွန်တဲ့ ဒီရေတောတွေ ဘယ်လောက်အရေးပါသလဲဆိုတာ ပြသခဲ့တယ်လို့ IUCN က ထောက်ပြပါတယ်။
သစ်တောဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ် စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ လူထုသစ်တောအသုံးပြုသူအဖွဲ့ ၇,၈၀၁ ဖွဲ့၊ အဖွဲ့ဝင် ၁၉၃,၉၀၅ ဦးရှိပြီး သစ်တောဧရိယာ ဟက်တာ ၄၅၀,၀၀၀ ခန့်ကို စီမံခန့်ခွဲနေပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာတော့ အဖွဲ့ပေါင်း ၆၀ ကျော်က လူထုသစ်တော ဟက်တာ ၈,၀၀၀ ကျော်ကို စီမံခန့်ခွဲနေတယ်လို့ သိရပါတယ်။
IUCN က အသစ်ဖွဲ့စည်းထားတဲ့ အသင်းတွေကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေအဖြစ် တရားဝင်မှတ်ပုံတင်နိုင်ရေး၊ ခေါင်းဆောင်မှု၊ ဘဏ္ဍာရေးနဲ့ အဖွဲ့အစည်းစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းတွေပေးရေးအပြင် မြို့နယ်အလိုက် ဒီရေတောစီမံခန့်ခွဲရေးအစီအစဉ်တွေ ရေးဆွဲနိုင်ဖို့ ဆက်လက်ကူညီသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


