Homeပြည်တွင်းသတင်းကျောင်းနှစ်အောက်ခဲ့တဲ့ ကလေးတွေ ပညာပြန်ဆက်နိုင်ဖို့ အသက်ကန့်သတ်ချက် နေပြည်တော်အစိုးရ ဖြေလျှော့

ကျောင်းနှစ်အောက်ခဲ့တဲ့ ကလေးတွေ ပညာပြန်ဆက်နိုင်ဖို့ အသက်ကန့်သတ်ချက် နေပြည်တော်အစိုးရ ဖြေလျှော့

၂၅ ဇူလိုင် ၂၀၂၆ | New Day Myanmar

စစ်ရေးပဋိပက္ခအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးနဲ့ ကာလကြာရှည်ကင်းကွာပြီး အသက်နဲ့တက်ရမယ့်အတန်း မကိုက်ညီတော့တဲ့ ကလေးနဲ့ လူငယ်တွေ ပညာဆက်လက်သင်ယူနိုင်ဖို့ Placement Test ခေါ် အတန်းသတ်မှတ်စစ်ဆေးမှုကို ဩဂုတ်လ ဒုတိယပတ်မှာ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

အသက်ကန့်သတ်ချက်ကြောင့် ပညာရေးအစီအစဉ်ထဲ ဝင်ရောက်နိုင်ခြင်းမရှိတဲ့ “သက်လွန်ကလေး” တွေအတွက် မူလအသက်သတ်မှတ်ချက်ကို ဖြေလျှော့ပေးပြီး အထူးအစီအစဉ်အနေနဲ့ စစ်ဆေးပေးမှာဖြစ်တယ်လို့ မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်အစိုးရရဲ့ ပညာရေးဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောပါတယ်။

ကျောင်းပြင်ပမူလတန်းပညာရေးအတွက် မူလသတ်မှတ်ထားတဲ့ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်အစား ၁၀ နှစ်ကနေ ၁၆ နှစ်အထိ ဖြေလျှော့ပေးမှာပါ။ ကျောင်းပြင်ပအလယ်တန်းပညာရေးအတွက်လည်း အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အစား ၁၃ နှစ်ကနေ ၂၁ နှစ်အထိ တိုးမြှင့်လက်ခံမယ်လို့ ဆိုပါတယ်။

အဲဒီအစီအစဉ်ကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဩဂုတ်လ ဒုတိယပတ်အတွင်း ဆောင်ရွက်မှာဖြစ်ပြီး ဖြေဆိုရမယ့်ရက်နဲ့ နေရာတွေကို သတင်းစာနဲ့ ရုပ်မြင်သံကြားကနေ ကြိုတင်ကြေညာမယ်လို့ သိရပါတယ်။

ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဂန့်ဂေါမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်အိဖြူလွင်ရဲ့ မေးခွန်းကို နေပြည်တော်အစိုးရ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကစပြီး ကျောင်းပြင်ပရောက်ခဲ့တဲ့ Grade-2 ကနေ Grade-9 အထိ ကလေးတွေအတွက် အရင်ပြုလုပ်ခဲ့တဲ့ Placement Test မှာ အသက် ၁၅ နှစ်နဲ့ သုံးလအထိသာ ဖြေဆိုခွင့်ပြုခဲ့ပါတယ်။ အဲဒီအစီအစဉ်ကနေ ကျောင်းသား၊ ကျောင်းသူ ၁၄၀,၀၀၀ ကျော် ကျောင်းပြန်တက်နေပြီလို့ ဒုတိယဝန်ကြီးက ဆိုပါတယ်။

အခုထပ်မံပြုလုပ်မယ့် အထူးအစီအစဉ်မှာ အသက် ၁၀ နှစ်ကနေ ၁၆ နှစ်အတွင်းရှိပြီး Grade-1၊ Grade-2 ဒါမှမဟုတ် Grade-3 သင်ယူဖူးသူတွေက Placement Test ဖြေဆိုရမှာပါ။ အောင်မြင်သူတွေဟာ ကျောင်းပြင်ပမူလတန်းပညာရေး Level-2 တက်ရောက်နိုင်ပြီး မအောင်မြင်သူနဲ့ လုံးဝကျောင်းမနေဖူးသူတွေက Level-1 တက်ရောက်ရမှာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်ကနေ ၂၁ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူတွေအတွက်တော့ အရင်က တက်ရောက်ခဲ့တဲ့အတန်းနဲ့ စစ်ဆေးမှုရလဒ်အပေါ် မူတည်ပြီး ကျောင်းပြင်ပအလယ်တန်းပညာရေး NFME Level-1၊ Level-2 ဒါမှမဟုတ် Level-3 မှာ တက်ရောက်ခွင့်ရမှာပါ။

Grade-5 အောင်မြင်သူနဲ့ Grade-6 တက်ရောက်ဖူးသူတွေဟာ Placement Test ဖြေပြီး NFME Level-1 တက်ရမှာ ဖြစ်ပါတယ်။ Grade-6 အောင်မြင်သူနဲ့ Grade-7 တက်ရောက်ဖူးသူတွေက စစ်ဆေးမှုအောင်မြင်ရင် Level-2၊ မအောင်မြင်ရင် Level-1 တက်ရောက်ရမှာပါ။

Grade-7 နဲ့ Grade-8 အောင်မြင်သူ ဒါမှမဟုတ် Grade-9 တက်ရောက်ဖူးသူတွေက Placement Test အောင်မြင်ရင် NFME Level-3 တက်ရောက်နိုင်ပြီး မအောင်မြင်ရင် Level-2 မှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

NFME Level-3 အောင်မြင်ပြီးမြောက်သူတွေကို အခြေခံပညာ Grade-9 အောင်မြင်သူတွေအဖြစ် သတ်မှတ်မှာပါ။ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်အတွင်းရှိသူတွေဟာ ပုံမှန်အထက်တန်းကျောင်းမှာ ဆက်တက်နိုင်ပြီး အသက် ၁၈ နှစ်ကျော်သူတွေက Grade-10၊ Grade-11 နဲ့ Grade-12 တို့ကို ကျောင်းတွင်းစစ် ပြင်ပဖြေစနစ်နဲ့ ဆက်လက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

အထက်တန်းအဆင့်အောင်မြင်ပြီးရင် သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူခွင့်ရမယ်လို့လည်း ဒုတိယဝန်ကြီးက ပြောပါတယ်။

Placement Test ဖြေဆိုခွင့်အတွက် မြို့နယ်ပညာရေးမှူးရုံးတွေက ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးနဲ့ အသက်အထောက်အထားတွေကို စိစစ်မှာ ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေကြေညာထားတဲ့ ဒေသတွေက ကလေးတွေမှာ အထောက်အထားမပြည့်စုံရင် အရင်နေထိုင်ခဲ့တဲ့ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်၊ ကျောင်းအုပ်ကြီးရဲ့ ပညာရေးဆိုင်ရာထောက်ခံချက်နဲ့ ကျန်းမာရေးမှူးရဲ့ အသက်ထောက်ခံချက်တို့နဲ့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဖြေဆိုလိုသူတွေဟာ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးတွေကို ဆက်သွယ်ရမှာဖြစ်ပြီး လျှောက်ထားရမယ့်ရက်၊ စစ်ဆေးမယ့်နေရာနဲ့ အချိန်တို့ကို ပညာရေးဝန်ကြီးဌာနက ထပ်မံကြေညာရဦးမှာ ဖြစ်ပါတယ်။

ဓါတ်ပုံ – စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာန

Related News

Most Read