၁၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ် လားရှိုး-သီပေါကြား ပြည်ထောင်စုလမ်းမကြီးပေါ်က သီပေါတံတားကို ဇူလိုင် ၁၇ ရက်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးတာကြောင့် ဒေသခံပြည်သူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအပြင် အရေးပေါ်ဆေးကုသမှုခံယူရမယ့် လူနာတွေပါ သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တဦးက New Day Myanmar ကို ပြောပါတယ်။
တံတားကို အသုံးမပြုနိုင်သေးတာကြောင့် ခရီးသွားပြည်သူတွေဟာ သီပေါလှေဆိပ်ကနေ မြစ်ကိုဖြတ်ကူးပြီး သွားလာနေရပါတယ်။ အဲဒီအတွက် လူတစ်ဦးကို ကျပ် ၁၀,၀၀၀၊ ဆိုင်ကယ်တစ်စီးကို ကျပ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးဆောင်နေရသလို ငွေကုန်ကြေးကျများလာပြီး ရေကြောင်းသွားလာရတာကြောင့် ဘေးအန္တရာယ်လည်း ပိုမိုကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ တံတားကနေ တရားမဝင်ကုန်ပစ္စည်းတွေ ဖြတ်သန်းသယ်ဆောင်တာကို စစ်ဆေးထိန်းချုပ်တာကို နားလည်ပေမယ့် ခရီးသည်တင်ယာဉ်တွေ၊ လူနာတင်ယာဉ်တွေနဲ့ အရေးပေါ်သွားလာရမယ့်သူတွေကိုတော့ တံတားကနေ ဖြတ်သန်းခွင့်ပြုပေးဖို့ တောင်းဆိုနေကြပါတယ်။
အဲဒီလို လှေကို အားထားသွားလာနေရတဲ့ အခြေအနေမှာပဲ ဇူလိုင် ၁၇ ရက်က သီပေါလှေဆိပ်မှာ လှေတစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လူတွေနဲ့ ပစ္စည်းတချို့ ရေစီးနဲ့အတူ မျှောပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမယ့် လှေတိမ်းမှောက်မှုကြောင့် ထိခိုက်သေဆုံးသူရှိ၊ မရှိနဲ့ ကယ်ဆယ်ရေးအခြေအနေတွေကိုတော့ New Day Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
သီပေါတံတားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းကစပြီး စစ်အုပ်စုဘက်က ယာဉ်သွားလာခွင့် ကန့်သတ်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ လားရှိုးဒေသ နယ်မြေထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ စစ်အုပ်စုနဲ့ MNDAA ကြား ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်မပြေခဲ့ပြီးနောက် တံတားကို ဆက်လက်ပိတ်ထားခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီအစပိုင်းမှာ MNDAA ဘက်က တံတားပေါ်ရှိ စစ်ဆေးရေးဂိတ်ကို ရုပ်သိမ်းခဲ့ပေမယ့် စစ်အုပ်စုဘက်က လုံခြုံရေးတပ်ဖွဲ့တွေ ဆက်လက်နေရာယူထားပြီး ယာဉ်တွေကို ဖြတ်သန်းခွင့်မပြုသေးတာကြောင့် လားရှိုး-သီပေါကြား သွားလာရေးဟာ လှေတွေနဲ့သာ အဓိကအားထားနေရပါတယ်။
သီပေါတံတားဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ မန္တလေးဘက်ကို ဆက်သွယ်ပေးတဲ့ အဓိက ပြည်ထောင်စုလမ်းမကြီးပေါ်က အရေးပါတဲ့ တံတားတစ်စင်းဖြစ်တာကြောင့် တံတားပိတ်ထားတာက ဒေသခံပြည်သူတွေအပြင် ကုန်စည်စီးဆင်းမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ထိခိုက်စေပါတယ်။
လက်ရှိမှာတော့ ပြန်လည်ထူထောင်ရေးကာလအတွင်း စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတဲ့ ဒေသခံတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးပုံမှန်ပြန်ဖြစ်လာဖို့နဲ့ သီပေါတံတားကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ


