၁၆ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံက စစ်အုပ်စုဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဟာ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်တော့ဘူးဆိုတာကို လက်ခံထားပြီး ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Maria Theresa Lazaro က စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Sihasak က “နှစ်ဖက်စလုံးဟာ စစ်ရေးနည်းလမ်းနဲ့ အနိုင်မရနိုင်ဘူးဆိုတာကို သဘောပေါက်ထားပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ ဆန္ဒရှိနေတယ်” လို့ ပြောဆိုခဲ့သလို၊ ထိုင်းနိုင်ငံကလည်း အနာဂတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ နေရာပေးကာ ကြားဝင်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပေးဖို့ အသင့်ရှိကြောင်း ပြောပါတယ်။
ဒီတွေ့ဆုံမှုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံရဲ့ မြန်မာအရေး ကြိုးပမ်းမှုတွေထဲက နောက်ဆုံးအဆင့် ဖြစ်လာခဲ့ပြီး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကလည်း ဇူလိုင် ၁၂ ရက်မှာ မြန်မာကိုယ်စားလှယ်နဲ့ အလွတ်သဘောတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမယ့် ပြည်ထောင်စုညီညွတ်ရေးအစိုးရ (NUG) ကိုတော့ ဒီဆွေးနွေးပွဲတွေမှာ ဖိတ်ကြားထားခြင်းမရှိဘဲ၊ NUG ဘက်ကတော့ အဓိကသက်ဆိုင်သူတွေ မပါဝင်တဲ့ ဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာနိုင်မှာ မဟုတ်သလို လုပ်ငန်းစဉ်ရဲ့ တရားဝင်မှုအပေါ်လည်း မေးခွန်းထုတ်ထားပါတယ်။
နိုင်ငံတကာ လေ့လာသုံးသပ်သူအချို့ကလည်း အာဆီယံအနေနဲ့ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှု တိုးလာတာဟာ လက်တွေ့တိုးတက်မှု မရရှိဘဲ စစ်အုပ်စုကို ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ပိုမိုတရားဝင်သလို ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သတိပေးထားကြပါတယ်။


