၁၆ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံမှာ Space Systems Engineer အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအင်ဂျင်နီယာ မအိဖြူဖြူဟာ လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် International Astronautical Federation (IAF) ရဲ့ ၇၇ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ဖို့ ရွေးချယ်ခံထားရတယ်လို့ မြန်မာ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအသင်း (MASES) က ထုတ်ပြန်ပါတယ်။
IAF နှစ်ပတ်လည်ညီလာခံဟာ ကမ္ဘာ့အာကာသကဏ္ဍရဲ့ အကြီးဆုံးနဲ့ အရေးအပါဆုံး အစည်းအဝေးတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံတကာ အာကာသအဖွဲ့အစည်းတွေ၊ အစိုးရကိုယ်စားလှယ်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ အာကာသအင်ဂျင်နီယာတွေ နှစ်စဉ်တက်ရောက်လေ့ရှိပါတယ်။
မအိဖြူဖြူဟာ လက်ရှိမှာ CubeSat ဂြိုဟ်တုစနစ်တွေ၊ ဂြိုဟ်တုအင်တင်နာနဲ့ ဆိုလာပြားဖြန့်ကြက်မှုစနစ်တွေကို ဒီဇိုင်းရေးဆွဲတဲ့ နိုင်ငံတကာ အာကာသစီမံကိန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။
သူမဟာ ပြည်နည်းပညာတက္ကသိုလ်က Mechatronics ဘာသာရပ်နဲ့ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး ဂျပန်နိုင်ငံ Kyushu Institute of Technology မှာ Space Systems Engineering မဟာဘွဲ့ ဆက်လက်သင်ယူခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိမှာ NASA၊ ESA နဲ့ JAXA တို့ အသုံးပြုတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ဂြိုဟ်တုအစိတ်အပိုင်းတွေကို ဒီဇိုင်းရေးဆွဲနိုင်တဲ့ အင်ဂျင်နီယာတစ်ဦးအဖြစ် ရပ်တည်နေသလို Space Generation Advisory Council (SGAC) ရဲ့ မြန်မာနိုင်ငံ National Point of Contact အဖြစ်လည်း တာဝန်ထမ်းဆောင်နေပြီး မြန်မာလူငယ်တွေနဲ့ နိုင်ငံတကာ အာကာသနည်းပညာအသိုင်းအဝိုင်းကြား ချိတ်ဆက်ပေးနေတယ်လို့ MASES က ဖော်ပြထားပါတယ်။
MASES ကတော့ မအိဖြူဖြူရဲ့ ရွေးချယ်ခံရမှုဟာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကမ္ဘာ့အာကာသညီလာခံကို တက်ရောက်ခွင့်ရတဲ့ ထင်ရှားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး မြန်မာလူငယ် အင်ဂျင်နီယာတွေအတွက်လည်း အားတက်ဖွယ် မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – MASES


