Homeပြည်တွင်းသတင်းလားရှိုးမြို့မှာ ကျည်ကျပေါက်ကွဲမှု စစ်တပ်က ပစ်ခတ်တာလို့ ဒေသခံတွေသုံးသပ်

လားရှိုးမြို့မှာ ကျည်ကျပေါက်ကွဲမှု စစ်တပ်က ပစ်ခတ်တာလို့ ဒေသခံတွေသုံးသပ်

၁၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဇူလိုင် ၉ ရက် ညနေပိုင်းက ရှော့တိုက်ဒုံးလို့ ကနဦးပြောဆိုခဲ့တဲ့ ကျည်ကျပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး အမျိုးသမီးတဦး သေဆုံးကာ အမျိုးသမီးတဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖြစ်စဉ်ဟာ ဇူလိုင် ၉ ရက် ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကနဦးသတင်းတွေမှာ ရှော့တိုက်ဒုံး ၄ လုံးခန့် ကျရောက်ပေါက်ကွဲတယ်လို့ ဖော်ပြခဲ့ကြပေမယ့် မြေပြင်ဒေသခံတချို့ကတော့ တကယ်ကျရောက်တာဟာ ၆၀ မမ ကျည်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒေသခံတဦးရဲ့ ပြောဆိုချက်အရ ရပ်ကွက် ၆၊ နယ်မြေ ၁၆ မှာ ဦးဂိုလ်ပါးရဲ့ နေအိမ်ခေါင်မိုးပေါ် ကျည်တလုံးကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အနည်းငယ် ပျက်စီးခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် အရှေ့ဘက်ကပ်လျက်နေအိမ်မှာနေတဲ့ ဒေါ်အောင်ခမ်းဟာ ကျည်အစထိမှန်ပြီး ပေါက်ပြဲဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်ကျည်တလုံးကတော့ ရပ်ကွက် ၁၀၊ နယ်မြေ ၇ အတွင်းရှိ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ရှင်ဖြစ်သူ ဒေါ်နန်းခမ်းအေးရဲ့ ဝမ်းဗိုက်နဲ့ ရင်ဘတ်ပိုင်းကို ကျည်အစတွေ ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူမကို ဆေးရုံပို့ဆောင်ကာ ကုသခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံအချက်အလက်တွေအရ ကျည်ကျရောက်မှုတွေဟာ ရပ်ကွက် ၆၊ ရပ်ကွက် ၉ နဲ့ ရပ်ကွက် ၅၊ ၆၊ ၇ တိုးချဲ့ဘက်တွေမှာလည်း ဖြစ်ပွားခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိနေပြီး ကျရောက်နေရာအတိအကျနဲ့ ကျည်အရေအတွက်ကိုတော့ New Day Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကျည်ကျပေါက်ကွဲပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဘက်ကနေ ပြန်လည်ပစ်ခတ်သံတွေ ကြားရတယ်ဆိုတဲ့ ဒေသခံပြောဆိုချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဘယ်အဖွဲ့က စတင်ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ အခုအချိန်အထိ တိတိကျကျ မသိရသေးသလို သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း တရားဝင်ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ဒေသခံတချို့ကတော့ လားရှိုးမြို့ပတ်ဝန်းကျင်အခြေအနေအရ အမှန်တကယ် အပြင်းအထန်တိုက်ခိုက်လိုပါက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပစ်မှတ်ထားနိုင်တဲ့ အခြေအနေရှိနေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေထဲသာ ကျရောက်ခဲ့တာဟာ စဉ်းစားစရာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

အချို့ဒေသခံတွေကလည်း မြို့လုံခြုံရေးကို ပိုမိုတင်းကျပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ စစ်အုပ်စုဘက်က ခြောက်လှန့်လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပေမယ့် အဲဒီအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

“စစ်တပ်က မြို့လုံခြုံရေး တင်းကြပ်ချင်လို့ခြောက်လှန့်တယ်ဘဲ သုံးသပ်တယ်။ တကယ်ဟာ ဖြစ်ရင် မြို့ပတ်ပတ်လည်မှာ သရေကွင်းနဲ့ပစ်ရင် တောင်ထိနိုင်တဲ့အခြေအနေကြောင့် ရမခ ကို မကျတာ စဉ်းစားစရာဖြစ်နေတယ်။ လောလောဆယ် အခုအချိန်အထိ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာမျိုး ရေရေရာရာမပေါ်သလို ညကလည်း ဘာမှမဖြစ်ဘဲ အသံတိတ်နေတာကြောင့် စစ်တပ်က လက်သည်ဖြစ်နိုင်တယ်။” လို့ လားရှိုးမြို့ခံတဦးက New Day Myanmar ကိုပြောပါတယ်။

ကျည်ကျပေါက်ကွဲမှုဖြစ်ပြီးနောက် ဒေသခံတချို့ဟာ စိုးရိမ်ထိတ်လန့်မှုကြောင့် ကားတွေနဲ့ ဆီဖြည့်ရန် အရေးတကြီး သွားလာတာတွေ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ ဇူလိုင် ၁၀ ရက်အထိ လားရှိုးမြို့ပေါ်မှာ ညပိုင်းထပ်မံပစ်ခတ်မှုတွေ မရှိခဲ့ဘဲ မြို့အခြေအနေဟာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ လားရှိုးမြို့ပေါ်ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပြီး မြို့ပြင်ပိုင်းတွေမှာတော့ ကိုးကန့်တပ် MNDAA ထိန်းချုပ်မှု ဆက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ အခြားသတင်းဖော်ပြချက်တွေမှာလည်း လားရှိုးမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့ပြင်ကို MNDAA က ထိန်းချုပ်ထားပါတယ်။

Related News

Most Read