၄ ဇူလိုင် ၂၀၂၆ | New Day Myanmar
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကြောင်းဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး ကျေးရွာတွေ မီးလောင်ပျက်စီးခဲ့တဲ့ ဒေသခံပြည်သူတွေအတွက် အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ဇွန်လ ၂၃ ရက်ကတည်းက စစ်ကြောင်းတွေ ဝင်ရောက်လာခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်အထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
စစ်ရှောင်ကာလ ရက်ရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာတွေ ပြတ်လပ်လာသလို မိုးရာသီဖြစ်တာကြောင့် မိုးကာတွေနဲ့ အခြေခံစားသောက်ကုန်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
“ကျွန်မရဲ့ ဇာတိမြို့နယ်နဲ့ ကျွန်မတို့ရွာအပါအဝင် အနီးအနားကျေးရွာလေးတွေ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ကိုယ့်ဇာတိမြေ ဒီလိုဖြစ်နေတာကို မြင်နေရတာ ရင်နာလွန်းလို့ ဒီအရေးပေါ်ကမ်ပိန်းကို စတင်ရတာ ဖြစ်ပါတယ်” လို့ ကမ်ပိန်းစီစဉ်သူက ပြောပါတယ်။
မီးဘေးသင့်ပြီး စစ်ရှောင်နေရတဲ့ ပြည်သူတွေကို ကူညီဖို့ ဆန်အလှူ ဆေးအကူခရီးအဖွဲ့က ကျပ်သိန်း ၂၀ မတည်ပြီး ဇူလိုင် ၄ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ၁၅ ရက်ကြာ အရေးပေါ်ရန်ပုံငွေကမ်ပိန်း ပြုလုပ်နေပါတယ်။
ကမ်ပိန်းက ရရှိလာတဲ့ အလှူငွေအားလုံးကို မြေပြင်တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး အဓိကလိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ မိုးကာတွေ ဝယ်ယူကာ စစ်ရှောင်ပြည်သူတွေဆီ အရောက်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
လက်ရှိ နယ်မြေအတွင်း စစ်ကြောင်းတွေ ရှိနေဆဲဖြစ်ပြီး လုံခြုံရေးအခြေအနေအရ အကူအညီပို့ဆောင်မှုဆိုင်ရာ မြေပြင်မှတ်တမ်းဓာတ်ပုံတွေကို ချက်ချင်းမျှဝေနိုင်မှာ မဟုတ်သေးဘူးလို့ ကမ်ပိန်းစီစဉ်သူတွေက အသိပေးထားပါတယ်။
လုံခြုံရေးအခြေအနေ အဆင်ပြေလာတာနဲ့ မြေပြင်က အကူအညီပေးအပ်မှု မှတ်တမ်းဓာတ်ပုံတွေနဲ့ အလှူငွေသုံးစွဲမှုစာရင်းတွေကို ပွင့်လင်းမြင်သာစွာ ပြန်လည်တင်ပြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကမ်ပိန်းမှာ ပါဝင်လှူဒါန်းသူအားလုံးကို ဆန်အလှူ ဆေးအကူခရီးအဖွဲ့ရဲ့ မှတ်တမ်းတွေ ပြန်လည်ပေးအပ်မှာဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေ ရရှိလာရင်လည်း ဆက်လက်မျှဝေပေးမယ်လို့ ဆိုပါတယ်။
အလှူငွေအနည်းအများမရွေး ပါဝင်ကူညီတာနဲ့ ကမ်ပိန်းအကြောင်းကို လူမှုကွန်ရက်မှာ ပြန်လည်မျှဝေတာတွေက အကူအညီလိုအပ်နေတဲ့ စစ်ရှောင်ပြည်သူတွေဆီ အထောက်အပံ့တွေ ပိုမိုရောက်ရှိစေနိုင်တယ်လို့ ကမ်ပိန်းစီစဉ်သူတွေက တိုက်တွန်းထားပါတယ်။
လှူဒါန်းမှုတခုချင်းစီဟာ စစ်ရှောင်မိသားစုတစုအတွက် တရက်တာစားနပ်ရိက္ခာ ဖြစ်လာနိုင်သလို မိုးရွာတဲ့ညမှာ လုံခြုံစွာနားခိုနိုင်ဖို့ မိုးကာတစလည်း ဖြစ်လာနိုင်တယ်လို့ အကူအညီပေးရေးအဖွဲ့က ပြောပါတယ်။


