Homeပြည်တွင်းသတင်းမြန်မာစစ်တပ်ဆီ ပြင်သစ်ရေဒါစနစ်ရောင်းချမှုမှာ ကျော်သောင်းမိသားစုက ကြားခံဆောင်ရွက်ခဲ့

မြန်မာစစ်တပ်ဆီ ပြင်သစ်ရေဒါစနစ်ရောင်းချမှုမှာ ကျော်သောင်းမိသားစုက ကြားခံဆောင်ရွက်ခဲ့

၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

ပြင်သစ်နည်းပညာနဲ့ ကာကွယ်ရေးကုမ္ပဏီ Thales က မြန်မာစစ်တပ်ဆီ ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါစနစ်တွေ ရောင်းချရာမှာ ကျော်သောင်းမိသားစုပိုင် Ky-Tha Trading က ကြားခံဆောင်ရွက်ခဲ့တယ်လို့ Justice For Myanmar (JFM) နဲ့ မိတ်ဖက်အဖွဲ့တွေက ဖော်ထုတ်လိုက်ပါတယ်။

Thales ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာစစ်တပ်ဆီ Coast Watcher 100 ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါခြောက်စုံကို ယူရို ၁၆ သန်းနဲ့ ရောင်းချခဲ့ပြီး အဲဒီအရောင်းအဝယ်ကနေ အမြတ်နှုန်း ၃၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီရေဒါဝယ်ယူမှုကို ကျော်သောင်းမိသားစုပိုင် Ky-Tha Trading က ကြားခံဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး မိသားစုဟာ KT Group လုပ်ငန်းစုကိုလည်း လည်ပတ်နေသူတွေ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး ဝယ်ယူရေးဌာနနဲ့ Ky-Tha Industrial Development ဆီ လိပ်မူထားတဲ့ ယူရိုကိုးသန်းကျော်တန် Thales ငွေတောင်းခံလွှာကို ရရှိထားတာကြောင့် Thales၊ ကျော်သောင်းမိသားစုရဲ့ ကုမ္ပဏီနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ရိုက်ဆက်သွယ်မှုရှိခဲ့တာကို ပြသနေတယ်လို့ JFM က ပြောပါတယ်။

ပြင်သစ်အစိုးရက အစုရှယ်ယာ ၂၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ Thales ရောင်းချခဲ့တဲ့ ရေဒါတွေဟာ ပင်လယ်နဲ့ ကမ်းရိုးတန်းအတွင်း သင်္ဘောလှုပ်ရှားမှုတွေကို တစ်ရက် ၂၄ နာရီ စောင့်ကြည့်ပြီး ပစ်မှတ် ၁,၀၀၀ အထိ ခြေရာခံနိုင်တဲ့ စနစ်တွေ ဖြစ်ပါတယ်။

အဲဒီရေဒါစနစ်တွေကို မြန်မာစစ်တပ်က နောက်ဆုံးအသုံးပြုသူအဖြစ် ဝယ်ယူခဲ့တာကြောင့် EU ရဲ့ မြန်မာနိုင်ငံအပေါ် လက်နက်နဲ့ စစ်ဘက်နှစ်မျိုးသုံးပစ္စည်း ပိတ်ဆို့မှုကို ချိုးဖောက်ထားနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပါတယ်။

Thales ကတော့ ဒီရေဒါတွေဟာ စစ်ရေးသုံးပစ္စည်းမဟုတ်ဘဲ ကမ်းရိုးတန်းစောင့်ကြည့်ရေးအတွက် အသုံးပြုတဲ့ အရပ်ဘက်သုံးစနစ်ဖြစ်ပြီး နိုင်ငံတကာပိတ်ဆို့မှု စည်းမျဉ်းတွေကို လိုက်နာခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာစစ်တပ်ဟာ နောက်ဆုံးအသုံးပြုသူဖြစ်နေတဲ့အတွက် အရပ်ဘက်နဲ့ စစ်ဘက်နှစ်မျိုးသုံးနည်းပညာအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။

ကျော်သောင်းမိသားစုပိုင် Ky-Tha နဲ့ KT Group လုပ်ငန်းစုတွေဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်ဆံမှုတွေ ရှိနေပြီး စစ်တပ်ဆီ စစ်ရေးသုံးပစ္စည်းနဲ့ နည်းပညာတွေ ရောက်ရှိရေးမှာ ကြားခံအဖြစ် ပါဝင်နေတယ်လို့ JFM က အရင်ကလည်း ဖော်ထုတ်ထားပါတယ်။

JFM၊ Info Birmanie၊ FIDH၊ CCFD-Terre Solidaire နဲ့ ACAT-France တို့က Thales ရဲ့ ရေဒါရောင်းချမှုကို စုံစမ်းစစ်ဆေးဖို့၊ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်တဲ့ အရောင်းအဝယ်နဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ရပ်တန့်ဖို့ ပြင်သစ်အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကျော်သောင်းမိသားစုပိုင် Ky-Tha၊ KT Group နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို EU က ပစ်မှတ်ထား အရေးယူပိတ်ဆို့ဖို့လည်း တိုက်တွန်းထားပါတယ်။

ပုံစာ – ဦးကျော်သောင်းနှင့် ဂျွန်နသန်မျိုးကျော်သောင်း

Related News

Most Read