၂၉ ဇွန် ၂၀၂၆ | New Day Myanmar
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေနဲ့ ဝန်ထမ်းတချို့က အဂတိလိုက်စားပြီး အကျဉ်းသားတွေကို ရိုက်နှက်အပြစ်ပေးတာ၊ အစားအသောက် အလုံအလောက်မပေးတာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ တရားမျှတမှုကွန်ရက် (JNPP) က ထုတ်ပြန်ပါတယ်။
JNPP ဆီ ပေးပို့လာတဲ့ မြေပြင်သတင်းတွေအရ မအူပင်အကျဉ်းထောင်ကို ဆေးလိပ်နဲ့ ကွမ်းယာကင်းမဲ့ဇုန် လို့ သတ်မှတ်ထားပေမယ့် အမျိုးသမီးဆောင် အဆောင်မှူးဖြစ်သူ ဒေါ်မေဇင်ထွန်း ဦးဆောင်ပြီး ထောင်ထဲမှာ ကွမ်းယာတွေ ရောင်းချနေတယ်လို့ ဆိုပါတယ်။
အဲဒီကွမ်းယာရောင်းချမှုကနေ တစ်ရက်ကို ကျပ်သုံးသိန်းကနေ လေးသိန်းကျော်အထိ အမြတ်ရရှိပြီး အဲဒီငွေတွေကို ထောင်အရာရှိတွေနဲ့ ဝန်ထမ်းတွေကြား ဝေမျှယူနေတယ်လို့ JNPP က စွပ်စွဲထားပါတယ်။
လက်ရှိထောင်ပိုင် ဦးမျိုးကျော်သူဟာ ကွမ်းယာရောင်းချတဲ့ ဝန်ထမ်းတွေကို အရေးမယူဘဲ ကွမ်းယာဝယ်ယူထားတာ တွေ့ရှိရတဲ့ အကျဉ်းသားတွေကိုသာ ရိုက်နှက်ပြီး အပြစ်ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အကျဉ်းသားတွေဟာ ထောင်ထဲမှာ ပစ္စည်းဝယ်ယူဖို့ ငွေကြေးအဆမတန် ကုန်ကျနေရသလို ကိုယ်ထိလက်ရောက် ရိုက်နှက်အပြစ်ပေးခံနေရတယ်လို့ JNPP က ဆိုပါတယ်။
မအူပင်အကျဉ်းထောင်မှာ အကျဉ်းသား ၆၀၀ ကျော်ရှိပေမယ့် တစ်ရက်ကို ဆန်သုံးအိတ်ခန့်သာ ချက်ပြုတ်ကျွေးမွေးပြီး ထမင်းကို တစ်ကြိမ်သာ ထည့်ပေးကာ ထပ်တောင်းခွင့် မပေးဘူးလို့ မြေပြင်သတင်းတွေမှာ ဖော်ပြထားပါတယ်။
အစားအသောက် အလုံအလောက်မရတာကြောင့် အကျဉ်းသားတွေဟာ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတချို့မှာ ခန္ဓာကိုယ်အားနည်းတာနဲ့ လေဖြတ်ဝေဒနာတွေပါ ခံစားနေရတယ်လို့ JNPP က ပြောပါတယ်။
JNPP က ထောင်ပိုင် ဦးမျိုးကျော်သူနဲ့ အဆောင်မှူး ဒေါ်မေဇင်ထွန်းတို့ရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အကျဉ်းသားတွေရဲ့ အခွင့်အရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။
ဓာတ်ပုံ — JNPP


