၂၉ ဇွန် ၂၀၂၆ | New Day Myanmar
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့မှာ အသက် ၈၀ ကျော်အရွယ် မိခင်ကို ရိုက်နှက်သတ်ဖြတ်ခဲ့သူ အမျိုးသားတစ်ဦးကို “ဝ” တရားစီရင်ရေးဌာနက သေဒဏ်စီရင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဒဏ်စီရင်ခံရသူဟာ အသက် ၄၀ ကျော်အရွယ် Ping Suang Ling အမည်ရ တရုတ်-ကိုးကန့်လူမျိုး အမျိုးသားဖြစ်ပြီး ဇွန်လ ၂၈ ရက်မှာ ပြစ်ဒဏ်စီရင်ခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ သုံးလကနေ လေးလခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေကွက်ရောင်းချရရှိတဲ့ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး မိခင်နဲ့ သားဖြစ်သူကြား စကားများခဲ့ကြတာလို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီအချိန်မှာ သားဖြစ်သူက အရက်သောက်ထားပြီး လေဖြတ်ဝေဒနာခံစားနေရတဲ့ မိခင်ကို ရိုက်နှက်ခဲ့တာကြောင့် ဆေးရုံပို့ဆောင်ပြီးနောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မိခင်ကို ရည်ရွယ်ချက်ရှိရှိ ရိုက်နှက်ပြီး သေဆုံးစေခဲ့တာကြောင့် “ဝ” ဒေသက သတ်မှတ်ထားတဲ့ တရားဥပဒေအရ လူသတ်မှုမြောက်တယ်လို့ ဆုံးဖြတ်ပြီး သေဒဏ်ချမှတ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
“ဝ” တရားစီရင်ရေးဌာနက ပြီးခဲ့တဲ့ မတ်လကုန်နဲ့ ဧပြီလအစောပိုင်းတွေမှာလည်း ရာဇဝတ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်ထားတဲ့ အမျိုးသားတချို့ကို လူအများရှေ့မှာ သေဒဏ်စီရင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
ဓာတ်ပုံ — ဒေသခံ


