Homeပြည်တွင်းသတင်းသင်္ဃန်းကျွန်းမှာ အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်တဦး ပေါ်တာဆွဲခံရပြီး စစ်သားစုဆောင်းရေးကို ပို့ဆောင်ခံရ

သင်္ဃန်းကျွန်းမှာ အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်တဦး ပေါ်တာဆွဲခံရပြီး စစ်သားစုဆောင်းရေးကို ပို့ဆောင်ခံရ

၁၄ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြစီမံကိန်းရပ်ကွက်မှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားလူငယ်တဦး ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သားစုဆောင်းရေးကို ပို့ဆောင်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက New Day Myanmar ကို ပြောပါတယ်။

အဆိုပါ ကျောင်းသားလူငယ်ဟာ ဇွန်လ ၁၂ ရက် ညနေပိုင်းက ကျောင်းကပြန်လာပြီး နေအိမ်က ပြန်လည်ထွက်ခွာသွားချိန် စံပြစီမံကိန်းရပ်ကွက်အတွင်းမှာပဲ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ပေါ်တာဆွဲခံရပြီးနောက် သင်္ဃန်းကျွန်းရဲစခန်းကနေ တောင်ဥက္ကလာပရဲစခန်းကို လွှဲပြောင်းပို့ဆောင်ခဲ့ပြီး အဲဒီကတဆင့် စစ်သားစုဆောင်းရေးကို ပို့လိုက်တာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

“ကလေးက ကျောင်းကပြန်လာပြီး ပြန်ထွက်သွားချိန် ရပ်ကွက်ထဲမှာပဲ ပေါ်တာဆွဲခံလိုက်ရတာပါ။ သူ့အမေက ကလေးပျောက်လို့ လိုက်ရှာရင်း ရပ်ကွက်ရုံးကနေ အဲဒီသတင်းကို သိရတာပါ။ စစ်သားစုဆောင်းရေးကို ပို့လိုက်တယ်ဆိုတာ နောက်ဆုံးသိရပြီး ကျန်တာတော့ မသိရတော့ပါဘူး” လို့ သူက ပြောပါတယ်။

အဆိုပါ လူငယ်ဟာ ငယ်စဉ်ကတည်းက ဖခင်ဆုံးပါးသွားခဲ့ပြီး မိခင်ဖြစ်သူနဲ့ နှစ်ဦးတည်း နေထိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။

“အသက်မပြည့်သေးပါဘူး။ စစ်မှုထမ်းဖို့ တာဝန်ရှိတဲ့အသက်အရွယ်လည်း မဟုတ်ဘဲ အဓမ္မပေါ်တာဆွဲခံရတာပါ။ အသက်ကိုလည်း သူတို့ဘက်က စိတ်ကြိုက်ပြောင်းပြီး စစ်သားစုဆောင်းတာတွေ ရှိနေတော့ စိုးရိမ်ရပါတယ်” လို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် စံပြစီမံကိန်းရပ်ကွက်အတွင်းမှာပဲ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးကိုလည်း ဇွန်လ ၁၃ ရက် ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်မှုထမ်းဖို့ ပို့ဆောင်လိုက်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

လတ်တလောမှာ ရန်ကုန်မြို့အတွင်း ရပ်ကွက်အချို့မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေပြီး ဒေသခံပြည်သူတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ပုံစာ – ရန်ကုန်မြို့တွင် စစ်အုပ်စုမှ စစ်ဆေးရေးများပြုလုပ်နေစဉ် (ပုံဟောင်း)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး