Homeပြည်တွင်းသတင်းမဲဆောက်လေဆိပ်အနီး ဆီဆိုင်တွင် မြန်မာလိုင်စင်ယာဉ်တစ်စီး မီးလောင်ကျွမ်း

မဲဆောက်လေဆိပ်အနီး ဆီဆိုင်တွင် မြန်မာလိုင်စင်ယာဉ်တစ်စီး မီးလောင်ကျွမ်း

၁၀ ဇွန် ၂၀၂၆ | New Day Myanmar

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့ရှိ နိုင်ငံတကာလေဆိပ်အနီးက ဆီဆိုင်ကြီးတစ်ခုမှာ ဇွန်လ ၉ ရက် ညနေ ၆ နာရီခန့်က ဆီဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ မြန်မာလိုင်စင်ရယာဉ်တစ်စီး ရုတ်တရက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားချိန်မှာ အနက်ရောင်မီးခိုးလုံးကြီးတွေ ကောင်းကင်ယံအထိ ထိုးတက်လာခဲ့ပြီး ဆီဆိုင်ဝန်ထမ်းတွေက မီးသတ်ဆေးဘူးတွေနဲ့ အရေးပေါ် ငြှိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မီးအရှိန်ပြင်းထန်တာကြောင့် ယာဉ်တစ်စီးလုံး မီးကူးစက်လောင်ကျွမ်းသွားခဲ့ပါတယ်။

ဖြစ်စဉ်ကြောင့် ဆီဆိုင်အတွင်းရှိ လူတွေ၊ ယာဉ်မောင်းတွေက ဘေးလွတ်ရာကို အလန့်တကြား ရွှေ့ပြောင်းထွက်ခွာခဲ့ကြရပြီး ဆီဆိုင်အတွင်း မီးကူးစက်လောင်ကျွမ်းမယ့် အန္တရာယ်ကိုလည်း စိုးရိမ်ခဲ့ကြရပါတယ်။

သတင်းရရှိပြီးနောက် မဲဆောက်မီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာနယ်မြေ မီးသတ်တပ်ဖွဲ့တွေက မီးသတ်ကား ၃ စီးနဲ့ အရေးပေါ် လာရောက်ငြှိမ်းသတ်ခဲ့ပြီး ၁၅ မိနစ်ခန့်အကြာမှာ မီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကံကောင်းစွာနဲ့ လူထိခိုက်ဒဏ်ရာရမှု ဒါမှမဟုတ် သေဆုံးမှု မရှိခဲ့ဘဲ အဖြူရောင် Toyota Sedan ယာဉ်တစ်စီးသာ မီးလောင်ပျက်စီးခဲ့ပါတယ်။

ယာဉ်ပိုင်ရှင်ဖြစ်သူ အသက် ၃၁ နှစ်အရွယ် ကိုတာပိုင်ဦးက သူနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ ဆီဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေစဉ် ကားအတွင်းက ထူးခြားတဲ့ အနံ့တစ်မျိုး ရရှိခဲ့ပြီးနောက် မီးက ရုတ်တရက် လောင်ကျွမ်းလာတာကြောင့် ယာဉ်ပေါ်ကနေ အမြန်ဆုံး ဆင်းပြေးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

“ကားထဲက အနံ့တစ်မျိုး ရလာပြီး မကြာခင်မှာပဲ မီးထလောင်တာပါ။ မီးက အရမ်းမြန်လို့ ချက်ချင်းဆင်းပြေးခဲ့ရပါတယ်” လို့ ၎င်းက ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါယာဉ် ဘာကြောင့် မီးစတင်လောင်ကျွမ်းခဲ့တယ်ဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

#မဲဆောက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး