Homeပြည်တွင်းသတင်းရန်ကုန် တညင်းကုန်းဈေးရှေ့တွင် ကွန်တိန်နာကားနှင့် စက်ဘီးတိုက်မိပြီး စက်ဘီးစီးနင်းသူ သေဆုံး

ရန်ကုန် တညင်းကုန်းဈေးရှေ့တွင် ကွန်တိန်နာကားနှင့် စက်ဘီးတိုက်မိပြီး စက်ဘီးစီးနင်းသူ သေဆုံး

၂၆ မေ ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့၊ တညင်းကုန်းဈေးအရှေ့မှာ ဒီကနေ့ မေ ၂၆ ရက် နံနက်အစောပိုင်းက ကွန်တိန်နာယာဉ်တစ်စီးနဲ့ ပြိုင်စက်ဘီးတစ်စီး တိုက်မိခဲ့ရာ စက်ဘီးစီးနင်းသူမှာ အခင်းဖြစ်နေရာ၌ပင် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့ တာဝန်ခံတစ်ဦးဆီက သိရပါတယ်။

အခင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတွေရဲ့ ပြောကြားချက်အရ စက်ဘီးစီးနင်းသူဟာ ဦးခေါင်းကြိတ်ခံခဲ့ရပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ နေရာတင် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုရက်ပိုင်း ရန်ကုန်မှာ ကားနဲ့သုံးဘီး၊ ကားနဲ့စက်ဘီး တိုက်မိတဲ့ ယာဉ်မတော်တဆမှုတွေ ခပ်စိတ်စိတ်ဖြစ်နေတယ်။ လူမှုကူညီရေးအသင်းတွေလည်း အဆက်မပြတ် ကူညီဆောင်ရွက်နေရပါတယ်” လို့ ဒေသခံ ပရဟိတအဖွဲ့ တာဝန်ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူဟာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး မိသားစုနဲ့လည်း အဆက်အသွယ်ရရှိထားပြီဖြစ်ကြောင်း၊ ကွန်တိန်နာကားမောင်းသူကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးထားပြီး အမှုဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

“ယာဉ်အန္တရာယ်ကင်းဖို့ဆိုတာ ကားမောင်းသူတစ်ယောက်တည်းမှာ တာဝန်ရှိတာ မဟုတ်ဘူး။ နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်” လို့ အမည်မဖော်လိုတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက New Day Myanmar ကို မှတ်ချက်ပြုပြောပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး လူကူးမျဉ်းကျားကနေ လမ်းကူးတာ၊ ယာဉ်စည်းကမ်းလိုက်နာတာတွေကို ပိုမိုတင်းကြပ်ဆောင်ရွက်နေသလို စည်းကမ်းဖောက်ဖျက်သူတွေကိုလည်း ဖမ်းဆီးအရေးယူတာတွေ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး