၁၆ မေ ၂၀၂၆ | New Day Myanmar
တောင်ကြာပန်း၊ ဇော်ဂျီလက်စွဲအပါအဝင် တိုင်းရင်းဆေးဝါး ၆ မျိုးမှာ အနောက်တိုင်းဆေးဝါးတွေ ရောနှောပါဝင်နေပြီး စံမညီတဲ့ တိုင်းရင်းဆေးဝါးတွေဖြစ်တာကြောင့် အများပြည်သူအနေနဲ့ သုံးစွဲရန် မသင့်လျော်ကြောင်း စစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးလိုက်ပါတယ်။
သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ခံရတဲ့ ဆေးဝါးတွေမှာ “ဆင်ပြောင်ကြီး” အမျိုးသားအကြောအားတိုးဆေးမှုန့်၊ “နတ်စည်းစိမ်” အမျိုးသားအားတိုးဆေးမှုန့်၊ “ဇော်ဂျီလက်စွဲ” အကြောအားတိုးဆေးမှုန့်၊ “တောင်ကြာပန်း” အမျိုးသားအားတိုးဆေးမှုန့်၊ “ဘီလူးငါးကောင်” အမျိုးသားအားဆေးပြားနဲ့ “Double X” အမျိုးသားအားတိုးဆေးတောင့်တို့ ပါဝင်ပါတယ်။
စစ်တပ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ “Double X” အမှတ်တံဆိပ် အမျိုးသားအားတိုးဆေးမှာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နဲ့ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် ရရှိထားခြင်းမရှိဘဲ ဓာတ်ခွဲစစ်ဆေးချက်တွေအရ အနောက်တိုင်းဆေးဝါးတွေ ရောနှောပါဝင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ကျန်တဲ့ အမှတ်တံဆိပ်တွေကတော့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နဲ့ ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားပေမယ့် ဈေးကွက်မှာ ရောင်းချနေတဲ့ ဆေးဝါးတွေဟာ မှတ်ပုံတင်စဉ်က ဖော်ပြထားတဲ့ ဆေးဖုံ၊ ဖော်စပ်နည်းတွေနဲ့ မကိုက်ညီဘဲ ထုတ်လုပ်ထားတဲ့ စံမညီတိုင်းရင်းဆေးဝါးတွေဖြစ်နေတယ်လို့ သိရပါတယ်။
ထို့ပြင် ဓာတ်ခွဲစစ်ဆေးမှုတွေအရ အနောက်တိုင်းဆေးဝါးတွေ ရောနှောပါဝင်နေခြင်းနဲ့ သတ်မှတ်ထားတဲ့ အရည်အသွေးစံနှုန်း ၁၀ ချက် မပြည့်စုံခြင်းတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အဆိုပါ တိုင်းရင်းဆေးဝါးတွေဟာ စစ်မှန်တဲ့ အာနိသင်နဲ့ ဘေးကင်းမှုကို အာမခံချက်မပေးနိုင်တာကြောင့် အများပြည်သူ သုံးစွဲရန် မသင့်လျော်ကြောင်း စစ်တပ်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
ထို့အပြင် တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသူတွေနဲ့ ဆေးဆိုင်တွေအနေနဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေ၊ ဆေးအတုတွေ၊ စံမညီတိုင်းရင်းဆေးဝါးတွေ နဲ့ အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားတဲ့ ဆေးဝါးတွေကို တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်း မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေ ပုဒ်မ ၃၁ နဲ့ ၃၂ တို့အရ တရားစွဲဆိုအရေးယူသွားမယ်လို့ စစ်တပ်ရဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


