၁၃ မေ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ ၂၀၂၅ ခုနှစ် မတ်လကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တစ်နှစ်တာကာလအတွင်း တိုင်းဒေသကြီး ၃ ခုနဲ့ နေပြည်တော်ကောင်စီနယ်မြေတို့မှာ လူ့အခွင့်အရေးချိုးဖောက်မှု ၁,၁၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ပဉ္စမမဏ္ဍိုင် (PMCSG) အဖွဲ့က ဒီကနေ့ မေလ ၁၃ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
PMCSG အဖွဲ့ဟာ ခရိုင်လေးခုအတွင်း အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေဆိုင်ရာ စစ်တမ်းရလဒ်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ဖိတ်ကြားပြီး အွန်လိုင်းကနေ ရှင်းလင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ရဲ့ အချက်အလက်တွေအရ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ နေပြည်တော်နယ်မြေတို့အတွင်းရှိ ခရိုင် ၁၁ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေကြောင့် ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၁,၁၂၂ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။
၁၂ လတာအတွင်း စစ်ရေးပစ်မှတ်နဲ့ ဆက်စပ်တဲ့ တိုက်ခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ ဒေသကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး ၆၇၀ ကြိမ်အထိ ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းမှာ ၂၃၆ ကြိမ်၊ နေပြည်တော်မှာ ၁၂၁ ကြိမ်နဲ့ မကွေးတိုင်းမှာ ၉၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်ပွားတဲ့ မြို့နယ်ဖြစ်ပြီး စုစုပေါင်း ၂၂၇ ကြိမ်အထိ ရှိခဲ့တယ်လို့ PMCSG က ဖော်ပြထားပါတယ်။
“မြို့နယ်အလိုက် ခွဲခြားထားတာမှာ အများဆုံးဖြစ်တာက မုံရွာမြို့နယ်မှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ၂၂၇ ကြိမ်အထိရှိပြီး စစ်ကိုင်းမှာ ၁၁၄ ကြိမ်၊ ကလေးမှာ ၈၃ ကြိမ်နဲ့ မကွေးတိုင်း ဂန့်ဂေါမှာ ၆၅ ကြိမ်အထိ ရှိခဲ့ပါတယ်” လို့ မုံရွာမြို့နယ် PMCSG အဖွဲ့ဝင်တစ်ဦးက သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေထဲမှာ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေက ၉၁၅ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး၊ NUG/MOD လက်အောက်ခံ PDF တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ၁၀၅ ကြိမ်၊ အမည်မသိအဖွဲ့အစည်းတွေက ၁၁၈ ကြိမ် ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးလုပ်တာကတော့ အာဏာသိမ်းစစ်တပ်ဘက်က ဖြစ်ပါတယ်။ အများစုကတော့ ဧည့်စာရင်းစစ်တာ၊ ပေါ်တာဆွဲတာ၊ လေကြောင်းတိုက်ခိုက်တာမျိုးတွေပါ။ အခြားရာဇဝတ်မှု ၁၇၉ ကြိမ်မှာတော့ အမည်မသိအဖွဲ့တွေက မြို့ပေါ်တွေမှာ ခိုးဆိုးလုနှိုက်လုပ်တဲ့ ကျူးလွန်မှုတွေကို အများဆုံးတွေ့ရတယ်” လို့ PMCSG တာဝန်ရှိသူတဦးကပြောပါတယ်။
စစ်ကိုင်းနဲ့ မကွေးလို တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ စစ်ကော်မရှင်တပ်တွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေသလို၊ ရန်ကုန်နဲ့ နေပြည်တော်တို့မှာလည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ စီးနင်းရှာဖွေတာ၊ ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတယ်လို့ PMCSG က သုံးသပ်ထားပါတယ်။
စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကြောင့် တစ်နှစ်အတွင်း အရပ်သား ၈၄၃ ဦး သေဆုံးခဲ့ရပြီး ဘာသာရေးအဆောက်အအုံတွေနဲ့ ပြည်သူ့နေအိမ် ၃,၅၂၈ လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
PMCSG အဖွဲ့ကို ၂၀၂၂ ခုနှစ်မှာ မြေပြင်လူငယ်တွေ စုပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်နိုင်ဖို့ သက်သေအထောက်အထားတွေ စုဆောင်းကာ ရရှိလာတဲ့ အချက်အလက်တွေကို NUG အစိုးရထံ ပေးပို့နေတယ်လို့ သိရပါတယ်။


