၉ မေ ၂၀၂၆ | New Day Myanmar
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန Pentagon ဟာ အမေရိကန်အစိုးရအဖွဲ့အစည်းအမျိုးမျိုးက စုဆောင်းထားတဲ့ UFO ဆိုင်ရာ လျှို့ဝှက်ဖိုင်တွေကို မေလ ၈ ရက်နေ့မှာ လျှို့ဝှက်ချက်ဖြုတ် ထုတ်ပြန်လိုက်ပြီး အချို့မှတ်တမ်းတွေဟာ ၁၉၄၀ ပြည့်နှစ်နှောင်းပိုင်းကတည်းက စတင်ထားတဲ့ ဖိုင်တွေ ပါဝင်တယ်လို့ သိရပါတယ်။
Pentagon ကတော့ အဲဒီဖြစ်စဉ်တွေကို UFO လို့မခေါ်ဘဲ Unidentified Anomalous Phenomena (UAPs) လို့ သုံးနှုန်းထားပြီး ယခုထုတ်ပြန်တဲ့ ဖိုင်တွေထဲမှာ “အရင်က မမြင်ဖူးသေးတဲ့” ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ မူရင်းစာရွက်စာတမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
“အမေရိကန်ပြည်သူတွေဟာ အခုဆိုရင် အစိုးရရဲ့ လျှို့ဝှက်ချက်ဖြုတ်ထားတဲ့ UAP ဖိုင်တွေကို တစ်နေရာတည်းမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။ အထူးခွင့်ပြုချက်လည်း မလိုပါဘူး” လို့ Pentagon ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Pentagon က ယခုထုတ်ပြန်မှုဟာ ပထမအဆင့်သာဖြစ်ပြီး နောက်ထပ်ဖိုင်တွေကိုလည်း တဖြည်းဖြည်း ဆက်လက်ထုတ်ပြန်သွားမယ်လို့ ပြောထားပါတယ်။
ထုတ်ပြန်ထားတဲ့ ဖိုင်တွေအရ UFO/UAP တွေ့ရှိမှုအများစုဟာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ နီးကပ်စွာ ဆက်စပ်နေပြီး စစ်ရေးစခန်းတွေနဲ့ စစ်ဆင်ရေးနေရာတွေအနီးမှာ တွေ့ရှိရတာများတယ်လို့ သိရပါတယ်။
မှတ်တမ်းအများစုဟာ စစ်အေးခေတ်ဖြစ်တဲ့ ၁၉၅၀ နဲ့ ၁၉၆၀ ပြည့်နှစ်တွေက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂျာမနီနဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စုဒေသတွေမှာ အများဆုံးတွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပိုင်းနှစ်တွေမှာတော့ ဟော်မုဇ်ရေလက်ကြား၊ အီရတ်နဲ့ ဆီးရီးယားလို အမေရိကန်စစ်တပ် တပ်စွဲထားတဲ့ ဒေသတွေမှာ တွေ့ရှိမှုတွေ ပိုများလာခဲ့တယ်လို့ ဆိုပါတယ်။
ဖိုင်တွေအရ UFO/UAP တွေ့ရှိမှုအများစုကို စစ်လေယာဉ်မှူးတွေက အစီရင်ခံထားတာဖြစ်ပြီး ဖြစ်စဉ်အများစုမှာ ထူးဆန်းတဲ့ အရာဝတ္ထုတွေဟာ ရုတ်တရက် အမြန်နှုန်းမြင့်နဲ့ ပျံသန်းထွက်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်က အမေရိကန်အနောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုမှာတော့ “orb” ပုံစံ အလင်းလုံးတွေကို အစိုးရဥပဒေစိုးမိုးရေးအရာရှိတွေ တွေ့ရှိခဲ့ပြီး “orb တွေက တခြား orb တွေကို ပစ်လွှတ်နေတယ်” လို့ အစီရင်ခံထားပါတယ်။
၂၀၂၄ ခုနှစ် အီရတ်မှာ ဖြစ်ပွားခဲ့တဲ့ အခြားဖြစ်ရပ်တစ်ခုမှာလည်း အမေရိကန်လေယာဉ်ရဲ့ စောင့်ကြည့်စနစ်ပေါ်မှာ လျင်မြန်စွာ ဖြတ်သန်းသွားတဲ့ အမည်မသိအရာတစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ် FBI မှတ်တမ်းတစ်ခုမှာတော့ အစိုးရအဖွဲ့ဝင်တွေဟာ orb တွေ့ရှိရာနေရာကို ရဟတ်ယာဉ်နဲ့ သွားရောက်ရှာဖွေရာ “အလွန်ပူတဲ့ orb” တစ်ခုကို မြေပြင်အပေါ်မှာ လွင့်မျောနေတာ တွေ့ခဲ့ရပြီး အဲဒီ orb ဟာ ရဟတ်ယာဉ်ထက် ပိုမြန်တဲ့နှုန်းနဲ့ မိုင် ၂၀ ခန့် ရွေ့လျားသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ၁၉၆၉ ခုနှစ် Apollo 11 Moon Landing မစ်ရှင်ဆိုင်ရာ NASA မှတ်တမ်းတွေလည်း ပါဝင်ခဲ့ပြီး အာကာသယာဉ်မှူး ဘတ်ဇ် အော်ဒရင်က “laser လို အလင်းရောင်တစ်ခု” ကို အာကာသထဲမှာ တွေ့ရှိခဲ့ကြောင်း အစိုးရထံ ပြောကြားထားတယ်လို့ သိရပါတယ်။
Pentagon ဝန်ကြီး ပိထ် ဟက်ဂ်ဆက်က ယခုထုတ်ပြန်မှုကို “မကြုံဖူးသေးတဲ့ ပွင့်လင်းမြင်သာမှု” လို့ ခေါ်ဆိုခဲ့ပေမယ့် ဖိုင်အချို့မှာ စာသားအများအပြား ဖျက်ထားဆဲဖြစ်ပါတယ်။
ဒါပေမယ့် Pentagon ရဲ့ All-domain Anomaly Resolution Office (AARO) အကြီးအကဲဟောင်း ရှောင် ကာ့ခ်ပက်ထရစ်ကတော့ “ထုတ်ပြန်ချက်ထဲမှာ မမျှော်လင့်ထားတဲ့အရာ ဘာမှ မရှိသလို၊ သုံးသပ်ချက်မပါဘဲ ထုတ်ပြန်တာဟာ ပူးပေါင်းကြံစည်မှု သီအိုရီတွေကို ပိုတိုးလာစေနိုင်တယ်” လို့ သတိပေးထားပါတယ်။
AARO ကလည်း ယခင်နှစ်များအတွင်း UFO/UAP မှတ်တမ်းတွေကို ပြန်လည်သုံးသပ်ခဲ့ပေမယ့် “ကမ္ဘာပြင်ပသက်ရှိတွေနဲ့ ဆက်စပ်တယ်” ဆိုတဲ့ အထောက်အထားတစ်စုံတစ်ရာ မတွေ့ရှိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ယခုဖိုင်ထုတ်ပြန်မှုကို ချီးကျူးခဲ့ပြီး “Alien နဲ့ UFO/UAP ဆိုင်ရာ အစိုးရဖိုင်တွေကို ပြည်သူတွေ ကြည့်ရှုနိုင်ဖို့ မိမိအစိုးရကို ညွှန်ကြားခဲ့တာဟာ ဂုဏ်ယူစရာပါ” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။


