၇ မေ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ လူတစ်စုက လုံခြုံရေးဝန်ထမ်းတွေ အယောင်ဆောင်ပြီး ဗေဒင်ဆရာတစ်ဦးရဲ့ နေအိမ်ကို ဓားပြဝင်တိုက်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့ မေလ ၇ ရက် မွန်းလွှဲ ၁ နာရီခွဲဝန်းကျင်မှာ မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက်၊ သုဇိတာ ၇ လမ်းမှာရှိတဲ့ ဗေဒင်ဆရာ ဦးထိုက်အောင်လင်းရဲ့ နေအိမ်ကို သေနတ်ကိုင်ဆောင်ထားတဲ့ လူ ၃ ဦး ရောက်ရှိလာခဲ့တယ်လို့ ဖြစ်စဉ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
၎င်းတို့က မိမိတို့ကိုယ်ကို “စရဖ” (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) ကဖြစ်တယ်လို့ ဟန်ဆောင်ကာ အိမ်သားတွေကို “ရုံးလိုက်ခဲ့ဖို့” ခြိမ်းခြောက်ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
သတင်းရရှိတာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းထွန်းနဲ့ အဖွဲ့က နေအိမ်ကို ရောက်ရှိလာချိန်မှာတော့ ဓားပြတွေက အုပ်ချုပ်ရေးမှူးကိုပါ သေနတ်နဲ့ချိန်ပြီး “စရဖ” က ဖြစ်တယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အုပ်ချုပ်ရေးမှူးက “အကူ (၁) လား၊ အကူ (၂) လား” လို့ မေးမြန်းလိုက်ချိန်မှာ ဓားပြတွေက ပြန်မဖြေနိုင်ဘဲ နေအိမ်ပေါ်ကနေ ဆင်းပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် အုပ်ချုပ်ရေးမှူးက “ဓားပြ” လို့ အော်ဟစ်အကူအညီတောင်းခံရာကနေ ရပ်ကွက်အတွင်းရှိ ပြည်သူတွေက ဝိုင်းဝန်းလိုက်လံဖမ်းဆီးခဲ့ကြပါတယ်။
ဓားပြတွေဘက်က သစ္စာလမ်းထိပ်အရောက် လူအုပ်ကို ဟန့်တားဖို့ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်။
နောက်ဆုံးမှာတော့ ရပ်ကွက်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့က ဝိုင်းဝန်းလုံးထွေးဖမ်းဆီးနိုင်ခဲ့ပြီး ဓားပြ ၃ ဦးစလုံးကို သေနတ်တွေနဲ့အတူ လက်ရဖမ်းဆီးရမိကာ ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း လှိုင်သာယာမြို့နယ်မှာ အလားတူ ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၁,၀၀၀ ကျော် ပါသွားတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ပါသေးတယ်။
ဓာတ်ပုံ – စိုးမင်းဦး (မြောက်ဥက္ကလာ)


