၇ မေ ၂၀၂၆ | New Day Myanmar
ဘားအံအကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေက ရေးသားဖြန့်ဝေနေပြီး ခိုင်လုံတဲ့ အတည်ပြုချက်တစ်စုံတစ်ရာ မရရှိသေးဘဲ ဝါဒဖြန့်မှုတစ်ခုသာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။
ဒီကနေ့ မေ ၇ ရက်မှာ စစ်တပ်နဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေက ဒေါ်နန်းခင်ထွေးမြင့်ဟာ ဘားအံတပ်မတော်ဆေးရုံမှာ ရောဂါကုသရင်း ကွယ်လွန်သွားပြီဆိုပြီး တစ်ပြိုင်နက်တည်း ရေးသားလာခဲ့ကြတာကို တွေ့ရပါတယ်။
ဒါပေမယ့် NLD ပါတီဘက်ကဖြစ်စေ၊ မိသားစုဝင်တွေဘက်ကဖြစ်စေ တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
“ကျွန်တော်တို့လည်း သတင်းတက်လာတာကြည့်ပြီး အံ့ဩနေတာ။ ဆုံးရအောင်လည်း ဟိုတစ်နေ့ကဘဲ ကျန်းမာတယ်လို့ သူ့မိသားစုဝင်တွေဆီက သိရတယ်။ ကျွန်တော်တို့လည်း စုံစမ်းနေတယ်” လို့ ဘားအံမြို့က ဒေါ်နန်းခင်ထွေးမြင့် မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒီသတင်းထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်ကလည်း လက်ရှိအချိန်အထိ တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဒါ့အပြင် New Day Myanmar အပါအဝင် အခြားသတင်းဌာနတွေကလည်း ဆက်လက် စုံစမ်းအတည်ပြုနေဆဲဖြစ်ပြီး အချို့ကတော့ သတင်းမှားဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေက ကွယ်လွန်တယ်ဆိုတဲ့ သတင်းကို တစ်ပြိုင်နက်တည်း ဖြန့်ဝေတာဟာ လူထုအတွင်း ထိတ်လန့်တုန်လှုပ်စေရန် သို့မဟုတ် ဝါဒဖြန့်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အသက် ၇၁ နှစ်အရွယ်ရှိ ဒေါ်နန်းခင်ထွေးမြင့်ဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဘားအံဆေးရုံကြီးမှာ အာရုံကြောနဲ့ အစာအိမ်ရောဂါကြောင့် ၅ ရက်ကြာ ဆေးကုသမှု ခံယူခဲ့ရတာ မှန်ကန်ပေမယ့် နောက်ပိုင်းမှာ အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
နိုင်ငံရေးအရ အရေးပါသူတစ်ဦးဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ပြည်သူလူထုရဲ့ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ ဝန်ကြီးချုပ်တစ်ဦးလည်း ဖြစ်ပါတယ်။
သူမကို စစ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ မတရားပုဒ်မများစွာနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။


