Homeပြည်တွင်းသတင်းပြည်ပခွင့်ပြန် အလုပ်သမားများ ပြန်လည်ထွက်ခွာခွင့်အတွက် စည်းကမ်းသစ်များ တင်းကျပ်၊ အလုပ်သမား ၁,၀၀၀ ကျော် သောင်တင်နေ

ပြည်ပခွင့်ပြန် အလုပ်သမားများ ပြန်လည်ထွက်ခွာခွင့်အတွက် စည်းကမ်းသစ်များ တင်းကျပ်၊ အလုပ်သမား ၁,၀၀၀ ကျော် သောင်တင်နေ

၅ မေ ၂၀၂၆ | New Day Myanmar

ပြည်ပနိုင်ငံတွေမှာ PJ ပတ်စပို့နဲ့ အလုပ်လုပ်ကိုင်နေပြီး နေရပ်ပြန်လာတဲ့ မြန်မာလုပ်သားတွေ ပြန်လည်ထွက်ခွာရာမှာ “ခွင့်ပြန်အလုပ်သမား” အစစ်အမှန်ဖြစ်ကြောင်း သေချာစေရန် စိစစ်မှုတွေ ပြုလုပ်သွားမယ်လို့ စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန က မေလ ၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းတွေအရ မေလ ၁ ရက်ကစပြီး ခွင့်ပြန်လာသူတွေဟာ အလုပ်ရှင်ရဲ့ ခွင့်စာသာမက သက်ဆိုင်ရာ မြန်မာသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးတွေက ထောက်ခံချက်ပါ ပါရှိမှသာ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခွင့်ကာလကို သာမန်အားဖြင့် တစ်လသာ သတ်မှတ်ထားပြီး ၁ လထက် ကျော်လွန်သူတွေဟာ ခိုင်လုံတဲ့ အထောက်အထားတွေ တင်ပြရမှာဖြစ်ပါတယ်။ OWIC ကတ် မှာ ဖော်ပြထားတဲ့ လုပ်ငန်းခွင် သို့မဟုတ် နိုင်ငံနဲ့ ကွဲလွဲမှုရှိပါကလည်း သက်ဆိုင်ရာ အထောက်အထားများ ဖြည့်စွက်တင်ပြရမယ်လို့ သိရပါတယ်။

လက်ရှိမှာ သင်္ကြန်ကာလအတွင်း ခွင့်နဲ့ ပြန်လာခဲ့ကြတဲ့ အလုပ်သမား ၁,၀၀၀ ကျော်ဟာ ပြည်ပကို ပြန်လည်ထွက်ခွာခွင့် မရရှိသေးဘဲ ပြည်တွင်းမှာ သောင်တင်နေကြရတယ်လို့ အလုပ်အကိုင်အေဂျင်စီများမှ စုံစမ်းသိရှိရပါတယ်။

သောင်တင်နေသူအများစုမှာ ဂျပန်၊ ထိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ကိုရီးယား စတဲ့ နိုင်ငံများမှ ခွင့်ပြန်လုပ်သားတွေဖြစ်ပြီး သတ်မှတ်ကာလအတွင်း အလုပ်ပြန်မဝင်နိုင်ပါက အလုပ်အကိုင်ဆုံးရှုံးနိုင်တဲ့အတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်နေပါတယ်။

အလုပ်သမားဝန်ကြီးဌာနဘက်က အထောက်အထားပြည့်စုံပါက တစ်ပတ်အတွင်း စိစစ်ပေးမယ်လို့ ဆိုထားပေမယ့် လက်တွေ့မှာ ထွက်ခွာခွင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေပြီး အလုပ်သမားများနှင့် အေဂျင်စီများအကြား အခက်အခဲများ ဆက်လက်ရှိနေကြောင်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး