Homeပြည်တွင်းသတင်းမြောင်းတကာစက်မှုဇုန်က Creat Beauty အထည်ချုပ်စက်ရုံတွင် အလုပ်သမားအခွင့်အရေးများ ဆိုးဝါးစွာချိုးဖောက်ခံနေရဟု

မြောင်းတကာစက်မှုဇုန်က Creat Beauty အထည်ချုပ်စက်ရုံတွင် အလုပ်သမားအခွင့်အရေးများ ဆိုးဝါးစွာချိုးဖောက်ခံနေရဟု

၄ မေ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်အတွင်းရှိ Creat Beauty သိုးမွေးအထည်ချုပ်စက်ရုံမှာ အလုပ်သမားဥပဒေနဲ့ မညီညွတ်တဲ့ ဖိနှိပ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် အလုပ်သမားတွေက ပြည်ထောင်စုဝန်ကြီးထံ တိုက်ရိုက်တိုင်ကြားစာ ပေးပို့လိုက်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ကနေ သိရပါတယ်။

အဆိုပါ စက်ရုံအတွင်းမှာ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပို (Overtime) ဆင်းရန် အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတာ၊ ငြင်းဆန်သူတွေကို အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာ၊ ကလေးအလုပ်သမားတွေကိုပါ ခန့်ထားအသုံးပြုနေမှု စတဲ့ အချက် (၅) ချက်နဲ့ တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

“မြို့နယ်အဆင့်မှာ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ထိရောက်တဲ့ အရေးယူမှု မရှိဘူး။ အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ ယူဆရတဲ့အတွက် အခုလို ဝန်ကြီးရုံးကို တိုက်ရိုက်တိုင်ကြားရတာပါ” လို့ အလုပ်သမားတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

လက်ရှိအခြေအနေအရ စက်ရုံအတွင်း ဖိနှိပ်မှုတွေ ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပြီး အလုပ်သမားတွေက အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ စက်ရုံကို တိုက်ရိုက်ကွင်းဆင်းစစ်ဆေးကာ ထိရောက်စွာ အရေးယူပေးဖို့ လိုလားနေကြတယ်လို့ သိရပါတယ်။

Related News

Most Read