၂၇ ဧပြီ ၂၀၂၆ | New Day Myanmar
စစ်တပ်ကို ဝေဖန်ထောက်ပြတဲ့ စာအုပ်များစွာရေးသားခဲ့သူ စာရေးဆရာကြီး တင်ညွန့် ကို စစ်တပ်က သန်လျင်မြို့နယ်ရှိ ၎င်းနေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က (နိုင်ငံတော်အကြည်ညိုပျက်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေဆဲဖြစ်ပြီး ဆရာတင်ညွန့်ရဲ့ သားဖြစ်သူလည်း တပါတည်း ဖမ်းဆီးခံထားရနိုင်တယ်လို့ သတင်းထွက်ပေါ်နေသော်လည်း New Day Myanmar အနေနဲ့ သီးခြား အတည်ပြုနေဆဲဖြစ်ပါတယ်။
ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက် မနက် ၂ နာရီဝန်းကျင်အချိန်မှာ စစ်တပ်က သန်လျင်မြို့နယ်ရှိ နေအိမ်ကို ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ စာပေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“အသက်ကြီးရင့်ပြီး စာပေလောကမှာ ထင်ရှားတဲ့သူတစ်ယောက်ကို အခုလို အချိန်မတော် ဝင်ဖမ်းတာဟာ စာပေလွတ်လပ်ခွင့်ကိုပါ ခြိမ်းခြောက်တာပဲ” လို့ အမည်မဖော်လိုတဲ့ စာရေးဆရာတစ်ဦးက မှတ်ချက်ပြုပြောပါတယ်။
ဖမ်းဆီးရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး TikTok မှာ အွန်လိုင်းဖြင့် စာအုပ်ရောင်းချနေတဲ့ အမျိုးသမီးတစ်ဦးကို စစ်တပ်က စစ်ဆေးရာမှ ဆရာကြီးရဲ့ စာအုပ်ဟောင်းတွေ တွေ့ရှိခဲ့တာကြောင့် ဆက်လက်ဖမ်းဆီးခဲ့တာဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စာရေးဆရာကြီး တင်ညွန့် ဟာ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း စစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ “ခွေးထိန်းငတာ”, “ဗိုလ်ချုပ်တွေ ကျွန်တော့်ကို ညာခဲ့သည်”, “ဦးသန်းရွှေ၏ ယတြာများ” စတဲ့ စာအုပ်တွေကြောင့် လူသိများခဲ့သူဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဆရာကြီးရဲ့ ကျန်းမာရေးအခြေအနေအပေါ် မိသားစုဝင်တွေ နဲ့ စာပေလောကသားတွေက စိုးရိမ်ပူပန်နေကြပါတယ်။
စစ်ကော်မရှင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့ကို ဝေဖန်သူတွေကို ဖိနှိပ်ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ယခုဖြစ်စဉ်ဟာ စာပေသမားတွေကို ပစ်မှတ်ထားတဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခုဖြစ်လာတာလည်း ဖြစ်ပါတယ်။


