၁၇ ဧပြီ ၂၀၂၆ ၊ New Day Myanmar
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ပတ်ရထားပေါ်မှာ မီးရထားရဲတွေကို ပစ်ခတ်ခဲ့တဲ့ မမြတ်ဖြိုးပွင့်အပါ လူငယ် ၅ ဦးကို သေဒဏ်ချမှတ်ထားရာကနေ ဒီကနေ့ ဧပြီ ၁၇ ရက် နိုင်ငံတော်လွတ်ငြိမ်းမှာ ထောင်တစ်သက်တကျွန်း ပြောင်းလဲချမှတ်လိုက်တယ်လို့ အကျဉ်းဦးစီးနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
အဲ့ဒီ လူငယ် ၅ ဦးဟာ ရန်ကုန်ဘူတာကြီးကနေ အင်းစိန်ဘက်ကို ထွက်ခွာလာတဲ့ မြို့ပတ်ရထား အလုံဘူတာအရောက်မှာ ရထားတွဲစောင့်ရဲတွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲတပ်ကြပ်တစ်ဦးအပါ ဒုတပ်ကြပ်တစ်ဦးနဲ့ ရဲတပ်သား ၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
သေဒဏ်ချခံထားရတဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ကို မြို့ပတ်ရထားပေါ်က ရဲတွေကို ပစ်ခတ်မှုနဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့မှာ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် အသီးသီး ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ သေဒဏ်ကနေ ထောင်ဒဏ်တစ်သက်တကျွန်း ပြောင်းလဲ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီကနေ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုမှာ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူတွေကို ထောင်ဒဏ်တစ်သက် ကျခံရန်၊ နှစ်အကန့်အသတ်မရှိ ကျခံနေရသူတွေကို ထောင်ဒဏ်နှစ် ၄၀ လျှော့ချကျခံဖို့နဲ့ အခြားနှစ်ကြီးသမားတွေကိုလည်း ကျန်ရှိနေတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လျှော့ချကျခံစေဖို့ ထုတ်ပြန်ထားပါတယ်။


