Homeအထူးသတင်းရဲဝင်းဦး တပ်ချုပ်ဖြစ်လာတဲ့အပေါ် “ဝ”ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

ရဲဝင်းဦး တပ်ချုပ်ဖြစ်လာတဲ့အပေါ် “ဝ”ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

၃၀ မတ် ၂၀၂၆ | New Day Myanmar

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးအပ်မှုအပေါ်“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ မြန်မာနိုင်ငံ အထူးဒေသ (၂) “ဝ” ပြည်သူ့အစိုးရအဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်မှာ “ယနေ့မှာ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးအပ်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာကို သိရှိရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ရာထူးကနေ အနားယူတော့မယ့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့တာဝန်တွေကို အောင်မြင်စွာ ဆောင်ရွက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်တွေကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လေးနက်စွာ လွှဲပြောင်းပေးခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၊ “ဝ” ပြည်သူ့အစိုးရနဲ့ UWSA အပါအဝင် “ဝ” ပြည်သူတွေ အားလုံးက ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို နွေးထွေးပြီး စိတ်ရင်းမှန်နဲ့ ဂုဏ်ပြုကြောင်းလည်း ပါရှိပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ဦးဆောင်မှုအောက်မှာ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေဟာ မူလရည်မှန်းချက်တွေကို ဆက်လက်ထိန်းသိမ်းပြီး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ကြောင်း၊ အမျိုးသားလုံခြုံရေးကို ဆက်လက်ခိုင်မာစေပြီး နိုင်ငံရဲ့ ရေရှည်တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်နောက်ဆုံးမှာ “ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကျန်းမာရေးကောင်းမွန်ပါစေ၊ တာဝန်တွေမှာ အောင်မြင်ပါစေ၊ ဆက်လက်ကြိုးပမ်းမှုတွေ အောင်မြင်ပါစေ” လို့ ဆုမွန်ကောင်း တောင်းထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၁၅ နှစ်ကြာ ရယူထားတဲ့ တပ်ချုပ်ရာထူးကို သူ့ရဲ့ လူယုံတော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ယနေ့ မတ်လ ၃၀ ရက်မှာ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး