၂၂ မတ်လ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံအတွင်း အရပ်သားနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်ကော်မရှင်ဟာ သုံးလတာကာလအတွင်း အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်ဖို့ လောင်စာဆီအတွက် အနည်းဆုံး ဒေါ်လာ ၄.၁၆ သန်းကျော် (ကျပ် ၁၄၅၆၀၀ သိန်း) သုံးစွဲထားတယ်လို့ Blood Money Campaign () က ဖော်ပြလိုက်ပါတယ်။
BMC ရဲ့ စုံစမ်းချက်အရ ၂၀၂၅ ဇွန်လမှ စက်တင်ဘာလအထိ သုံးလတာကာလအတွင်း စစ်ကော်မရှင်ဟာ လေယာဉ်လောင်စာဆီ ၁.၉ သန်းဂါလံကျော် အသုံးပြုခဲ့ပြီး အဲ့ဒီအတွက် ကုန်ကျစရိတ်ဟာ ဒေါ်လာ ၄.၁၆ သန်းကျော် ရှိခဲ့တာဖြစ်ပါတယ်။
ဒါဟာ လေကြောင်းစစ်ဆင်ရေးအတွက် အသုံးပြုတဲ့ လေယာဉ်လောင်စာဆီ (Jet Fuel) စျေးနှုန်းကို ကမ္ဘာ့ပျမ်းမျှစျေးနှုန်း တစ်ဂါလံလျှင် ၂.၁၅ ဒေါ်လာ (USD 2.15 per IG) နဲ့ အခြေခံတွက်ချက်ထားတာဖြစ်ပြီး စစ်တပ်ကတော့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ဒီစျေးနှုန်းထက် ပိုမိုမြင့်မားတဲ့ စျေးနှုန်းကို ပေးဆောင်နေရဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဒီကုန်ကျစရိတ်ဟာ လောင်စာဆီသီးသန့်စရိတ်သာဖြစ်ပြီး ဗုံးခဲယမ်း၊ လက်နက်ပစ္စည်းနဲ့ လေယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်တွေ မပါဝင်သေးတာကြောင့် လက်တွေ့မှာတော့ ပိုမိုများပြားနိုင်တယ်လို့လည်း ဆိုထားပါတယ်။
စုံစမ်းချက်အရ စစ်ကော်မရှင်ဟာ Su-30၊ MiG-29၊ JF-17 စတဲ့ တိုက်လေယာဉ်တွေကို အသုံးပြုပြီး အရပ်သားနေရာတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ဆောင်ရွက်နေပြီး လေယာဉ်တစ်စင်း တစ်နာရီပျံသန်းတိုင်း ကျပ်သန်းများစွာ တန်ဖိုးရှိတဲ့ လောင်စာဆီ သုံးစွဲနေရတာဖြစ်ပါတယ်။
စစ်ကော်မရှင်ပိုင် Su-30 တိုက်လေယာဉ် တစ်စင်းရဲ့ တစ်နာရီပျံသန်းမှု လောင်စာဆီဖိုးဟာ ကျပ် ၁၆ သန်းကျော် (၁၆,၁၂၅,၀၀၀ ကျပ်) ကုန်ကျနေပြီး ဒီပမာဏဟာ စစ်ဘေးရှောင် မိသားစုပေါင်း ထောင်ချီကို စားနပ်ရိက္ခာ ထောက်ပံ့နိုင်တဲ့ ပမာဏဖြစ်ပါတယ်။


