၁၇ မတ်လ ၂၀၂၆ | New Day Myanmar
ဖားကန့်ဒေသအခြေစိုက် Uru Daily News (ဥရုနေ့စဉ်သတင်းဌာန) ရဲ့ အယ်ဒီတာ ကိုတာလင်းမောင်ကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
မတ်လ ၁၇ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲခန့်မှာ ဆိုင်းတောင်ကျေးရွာအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ အခြေအနေအသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။
ကိုတာလင်းမောင်ဟာ ဖမ်းဆီးခံရမတိုင်ခင် တစ်နေ့ညမှာ လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ ပို့စ်တစ်ခုနဲ့ ဆက်နွယ်ပြီး စစ်ဆေးခံရနိုင်တယ်လို့ နီးစပ်သူတွေက ယူဆနေကြပါတယ်။
လက်ရှိအချိန်အထိ ဘယ်အဖွဲ့အစည်းက ဖမ်းဆီးခဲ့တာ၊ ဘယ်နေရာကို ခေါ်ဆောင်သွားခဲ့တာဆိုတာကို တိတိကျကျ မသိရသေးပါဘူး။
ထို့အပြင် ကိုတာလင်းမောင်ဟာ ဖားကန့်ဒေသအတွင်း လူသစ်စုဆောင်းရေးဆိုင်ရာ လှုပ်ရှားမှုတွေကို မကြာခဏ ဝေဖန်ရေးသားနေသူဖြစ်ပြီး ယင်းကြောင့် အချို့အဖွဲ့အစည်းဘက်က ပြင်းထန်စွာ တုံ့ပြန်မှုများ ရှိခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်ကုန်ပိုင်းတွင်လည်း ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ဟာ အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေမှာ လက်နက်ကိုင်အဖွဲ့တခုရဲ့ဖမ်းဆီးခံခဲ့ရပြီး သတင်းမီဒီယာအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေကြောင့် နောက်ပိုင်း လပိုင်းအကြာမှာ ပြန်လွတ်လာခဲ့ဖူးပါတယ်။


