Homeပြည်တွင်းသတင်းညောင်လေးပင်မှာ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံထားရတဲ့ ဓါတ်ပုံတွေထွက်ပေါ်လာ

ညောင်လေးပင်မှာ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံထားရတဲ့ ဓါတ်ပုံတွေထွက်ပေါ်လာ

၉ မတ်လ ၂၀၂၆ | New Day Myanmar

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ ကလယ်လွီထူး (ညောင်လေးပင်) ခရိုင်အတွင်း စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံအများအပြားလည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မတ်လ ၅ ရက်နေ့မှာ ပဲခူးတိုင်း လယ်ဒို (ကျောက်တံခါး/ညောင်လေးပင်) မြို့နယ်အတွင်းရှိ ကျေးရွာတွေကို ပိန်းဇလုပ်အခြေစိုက် စစ်ကော်မရှင် ခြေလျင်တပ်ရင်း ခလရ (၂၆၄) ဦးဆောင်တဲ့ စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးချိန်မှာ ကျောင်းကုန်း၊ ဒလဆိပ်နဲ့ ရေတွင်းကုန်းကျေးရွာတွေဘက်ကို ဒရုန်းဗုံးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး မြေပြင်တပ်တွေကလည်း ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအဝင် အရပ်သား အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါ့အပြင် ထီးပုလုနဲ့ ဝက်ချဲကျေးရွာတွေဘက်မှာလည်း ဒေသခံအမျိုးသား ၅ ဦးကို ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ဒေသခံရွာသား ၁၆၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးထားပြီး ကျေးရွာစာသင်ကျောင်းအတွင်း ပိတ်လှောင်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က မတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဒရုန်းမှတ်တမ်းတွေမှာလည်း ရေတွင်းကုန်းနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ စစ်ကြောင်းထိုးမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာအများအပြားက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး