၆ မတ်လ ၂၀၂၆ | New Day Myanmar
နေပြည်တော်–ရန်ကုန် အမြန်လမ်း မိုင်တိုင်အမှတ် (၇၅/၃ – ၇၅/၄) ကြားမှာ ဘုရားဖူးကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ ၃ ဦး နေရာမှာတင် သေဆုံးတဲ့ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဟာ မတ်လ ၅ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး နေပြည်တော်–ရန်ကုန် အမြန်လမ်းအပြန်လမ်းဘက်ကို “လင်းထက်ကြယ်” Higer အမျိုးအစား ဘုရားဖူးယာဉ် မောင်းနှင်လာစဉ် မောင်းသူအပါ ကျား ၃ ဦး စီးနင်းလာတဲ့ မော်တော်ဆိုင်ကယ်နဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။
ဆိုင်ကယ်က လမ်းရဲ့ အနောက်ဘက်ကနေ အရှေ့ဘက်ကို ရုတ်တရက် ဖြတ်ကူးလာချိန် ဘုရားဖူးမှန်လုံခရီးသည်ယာဉ်နဲ့ တိုက်မိခဲ့တာကြောင့် ဆိုင်ကယ်စီးလာသူ ၃ ဦးလုံး နေရာမှာတင် သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က အသိပေးထားပါတယ်။
အမြန်လမ်းမကြီး ဥပဒေအရ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီနဲ့ သုံးဘီးယာဉ်တွေကို အမြန်လမ်း အသုံးပြုခွင့် မပြုထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အမြန်လမ်းပေါ်မှာ အဆိုပါယာဉ်တွေကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါက အဆိုပါယာဉ်ကို မောင်းနှင်သူသာ အရေးယူခံရမယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က ထပ်မံ အသိပေးထားပါတယ်။


