Homeပြည်တွင်းသတင်းအာဖဂန်နစ္စတန် ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်

အာဖဂန်နစ္စတန် ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်

၂၇ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ပါကစ္စတန် နဲ့ အာဖဂန်နစ္စတန် တို့အကြား ဆက်ဆံရေးတင်းမာမှု မြင့်တက်လာပြီးနောက် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက်အစောပိုင်းမှာ ပါကစ္စတန်ဘက်က စစ်ရေးအရေးယူမှု စတင်ခဲ့ပြီး စစ်ကြေညာချက် ထုတ်ပြန်လိုက်တယ်လို့ ဒေသတွင်းသတင်းများအရ သိရပါတယ်။

သတင်းများအရ ပါကစ္စတန်က အာဖဂန်နစ္စတန် မြို့တော် ကဘူးလ် အပါအဝင် အဓိကမြို့ကြီးအချို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးအရေးယူမှုကို တရားဝင်ကြေညာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ရေးအရေးယူမှုဟာ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက နယ်စပ်ဒေသမှာ ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အာဖဂန်နစ္စတန်ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်အပေါ် လက်တုံ့ပြန်အနေနဲ့ စတင်ခဲ့တာဖြစ်တယ်လို့ ပါကစ္စတန်ဘက်က ပြောဆိုထားပါတယ်။

ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကဘူးလ်မြို့အတွင်း နေရာသုံးခုထက်မနည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ အာဖဂန်နစ္စတန်အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်ကြောင့် ကာတာ နိုင်ငံက ကြားဝင်ညှိနှိုင်းပေးထားတဲ့ ပါကစ္စတန်–အာဖဂန်နစ္စတန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ပျက်ပြယ်သွားနိုင်တဲ့ အခြေအနေကို ရောက်ရှိလာနေပါတယ်။

လက်ရှိအချိန်မှာ နှစ်နိုင်ငံစလုံးက နယ်စပ်ဒေသတစ်လျှောက် စစ်အင်အားအများအပြား ချထားပြီး လုံခြုံရေးတင်းကျပ်ထားသလို စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

ပါကစ္စတန်ဘက်ကတော့ အာဖဂန်နစ္စတန်ရဲ့ ရန်လိုတဲ့အပြုအမူများကို အပြည့်အဝ တုံ့ပြန်သွားမယ်လို့ ပြောဆိုထားပြီး စိတ်ရှည်သည်းခံမှုဟာ အကန့်အသတ်ကို ရောက်ရှိသွားပြီလို့လည်း သတိပေးထားပါတယ်။

#ပါကစ္စတန်

#အာဖဂန်နစ္စတန်

#လေကြောင်းတိုက်ခိုက်မှု

#စစ်ရေးတင်းမာမှု

#အပစ်အခတ်ရပ်စဲရေး

#ဒေသတွင်းလုံခြုံရေး

#နိုင်ငံတကာရေးရာ

#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး