၂၀ ဖေဖော်ဝါရီ ၂၀၂၆
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM)အဖွဲ့ဝင် ၉ ဦးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ STUM ဘက်က အသိပေးထုတ်ပြန်ပါတယ်။
အဆိုပါ STUM အဖွဲ့ဝင် ၉ ဦးဟာ ဝမ်ရှင့်သာ ခရီးသွားလာရေးကုမ္ပဏီလီမိတက်က အမှုဖွင့်တိုင်ကြားထားတဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ နဲ့ မတရားဖမ်းဆီး တရားစွဲဆိုခံထားရသူတွေဖြစ်ပါတယ်။
တရားလိုနဲ့ အမှုစစ်တို့ရဲ့ ရုံးတော်ရှေ့ ထွက်ဆိုချက်တွေ ပြီးဆုံးတဲ့နောက် ရွှေပြည်သာမြို့နယ် တရားရုံး က ဝန်ကြီးဌာနအဆင့်ဆင့်ရဲ့ ရုတ်သိမ်းလွှာရည်ညွှန်းစာအမိန့်ကို အခြေခံပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၁၁ ဦးအနက် ဒေါ်မျိုးမျိုးအေးတစ်ဦးကတော့ အချုပ်လွတ်အနေဖြင့် တရားရင်ဆိုင်နေရပြီး ကျန် ၉ ဦးက ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ တစ်ဦးကတော့ စစ်မှုထမ်းဥပဒေ နဲ့အညီ စစ်သင်တန်းကျောင်းကို ပို့ဆောင်ခံထားရတဲ့ အခြေအနေဖြစ်တယ်လို့ STUM ရဲ့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ လွတ်မြောက်လာသူ ၁၀ ဦးရဲ့ ကိုယ်ပိုင်ပစ္စည်းအချို့ကို သက်သေခံပစ္စည်းအဖြစ် ရက်ပေါင်း ၆၀ ဆက်လက်သိမ်းဆည်းထားပြီး ခံဝန်နဲ့သာ ပြန်လည်ထုတ်ယူနိုင်ဖို့ ရုံးတော်က ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – STUM


