၂၆ ဇန်နဝါရီ ၂၀၂၆
ကိုးကန့်အထူးဒေသ ၁ မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၅၀၀ နဲ့ အကျဉ်းသား ၉ ဦးကို တရုတ်ရိုးရာ “တာကျောင်” ပွဲတော် အထိမ်းအမှတ်အဖြစ် MNDAA က မနေ့က လွှတ်ပေးလိုက်ပါတယ်။
လွှတ်ပေးလိုက်သူတွေဟာ ချုပ်နှောင်ထားချိန်အတွင်း အကျင့်စာရိတ္တကောင်းမွန်သူတွေကို စိစစ်ရွေးချယ်ထားတာဖြစ်ပြီး ကျန်ရှိနေတဲ့ အကျဉ်းသား ၄၉ ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
MNDAA ဘက်ကတော့ အခုလို လွှတ်ပေးမှုဟာ တရားဥပဒေစိုးမိုးရေးကို တိကျစွာ လိုက်နာနေတယ်ဆိုတာကို ပြသတာဖြစ်သလို လူသားချင်းစာနာတဲ့ မူဝါဒပိုင်းဆိုင်ရာ စေတနာကိုလည်း ဖော်ပြလိုက်တာလို့ ပြောပါတယ်။
ဒါ့အပြင် ပြန်လည်လွတ်မြောက်လာသူတွေကို အမှားတွေကနေ သင်ခန်းစာယူပြီး လမ်းမှန်ပေါ် ပြန်ရောက်လာဖို့နဲ့ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ဖို့လည်း တိုက်တွန်းထားပါတယ်။
MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ထောင်နဲ့ချီ ဖမ်းဆီးရမိခဲ့ပြီး ဒဏ်ရာရသူတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေကို အကြိမ်ကြိမ် ပြန်လည်လွှတ်ပေးခဲ့တာလည်း ရှိပါတယ်။
လက်ရှိမှာ MNDAA က ကိုးကန့်အထူးဒေသ ၁ အဖြစ် လောက်ကိုင်၊ ကွတ်ခိုင်၊ သိန္နီနဲ့ မုံးကိုးဒေသတွေကို စုစည်းပြီး ခရိုင် ၄ ခုနဲ့ မြို့တော် ၁ ခု ပါဝင်တဲ့ အုပ်ချုပ်ရေးယန္တရားသစ်ကို ပြန်လည်ဖွဲ့စည်းထားပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဧပြီလမှာတော့ တရုတ်ရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို စစ်ကော်မရှင်တပ်ဆီ ပြန်လွှဲပေးခဲ့ရပါတယ်။


