၂၄ ဇန်နဝါရီ ၂၀၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာလူမျိုးစုတွေကို ဘင်္ဂါလီ လို့ ခေါ်ဆိုပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေလို ပုံဖော်တင်ပြနေမှုအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အဲ့ဒီလို အမည်တပ်ခေါ်ဆိုမှုဟာ ရိုဟင်ဂျာတွေရဲ့ မွေးရာပါ လူမျိုးရေးအမှတ်အသားကို ငြင်းပယ်ဖို့နဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးရှင်းလင်းမှုနဲ့ အကြမ်းဖက်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
အဲ့ဒီအပြင် ရိုဟင်ဂျာတွေဟာ ၁၇၈၅ ခုနှစ် မြန်မာမင်းတွေ ရခိုင်ဒေသကို သိမ်းပိုက်မယ့်အချိန် မတိုင်ခင်ကတည်းက ရခိုင်ပြည်မှာ ရာစုနှစ်ချီ အခြေချနေထိုင်လာခဲ့တဲ့ သီးခြားလူမျိုးစုတွေဖြစ်ပြီး ကိုလိုနီခေတ်မှတ်တမ်းတွေနဲ့ လွတ်လပ်ရေးအရင်ကာလ သန်းခေါင်စာရင်းတွေမှာပါ ခိုင်ခိုင်မာမာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၁၉၈၂ နိုင်ငံသားဥပဒေ မပြဌာန်းမီအထိ ရိုဟင်ဂျာတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ မရှိမဖြစ် အစိတ်အပိုင်းအဖြစ် ပါဝင်နေခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအထိ မဲပေးခွင့်ကိုလည်း ရရှိခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ထောက်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲကာလအတွင်း ဘင်္ဂလားဒေ့ရှ်လူမျိုး ငါးသိန်းခန့် ရခိုင်ပြည်ထဲ ဝင်ရောက်ခိုလှုံခဲ့တယ်ဆိုတဲ့ မြန်မာဘက်ရဲ့ ပြောကြားချက်တွေဟာ လူဦးရေဆိုင်ရာ မှတ်တမ်းတွေနဲ့ မကိုက်ညီဘဲ အခြေအမြစ်မရှိတဲ့ အဆိုတွေဖြစ်တယ်လို့လည်း ကန့်ကွက်ထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို လူ့အဖွဲ့အစည်းရဲ့ မရှိမဖြစ် အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုဖို့၊ ရခိုင်ပြည်မှာ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့နဲ့ တန်းတူအခွင့်အရေးတွေ ပေးအပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်းဆိုထားပါတယ်။


