ကချင်တိုင်းရင်းသူ အမျိုးသမီးသတင်းထောက် ဆွတ်ရိန်ပန်(ခ) ဆွမ်ကို စစ်ကော်မရှင်က ထောင်ဒဏ် ၁၃ နှစ်ချ မှတ်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) နဲ့ သတင်းသမားများကာကွယ်ရေး ကော်မတီ (CPJ) က ကန့်ကွက်လိုက်ပါတယ်။
ဒါ့အပြင် ဖမ်ဆီးထားတဲ့ သတင်းထောက်တွေ ကို ပြန်လွှတ်ပေးဖို့ (IMJA) က တောင်းဆိုလိုက်ပြီး သတင်းသမားတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးတာတွေ ကို ချက်ချင်းရပ်တန့်ဖို့ အတွက်လည်း (CPJ) က တောင်းဆိုထားပါတယ်။
“CPJ အနေနဲ့ သတင်းထောက် ဆွတ်ရိန်ပန် ကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်တာကို ပြင်းထန်စွာ ရှုတ်ချပါတယ်”လို့ CPJ ရဲ့ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။
သတင်းထောက် ဆွတ်ရိန်ပန် (ခ) ဆွမ် ဟာ အလွတ်တန်းသတင်းထောက်အဖြစ်လုပ်နေရင်း ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်၊ ည ၉ နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့နေအိမ်မှာ အရပ်ဝတ်စစ်သား ၃ ယောက်ရဲ့ အတင်းအဓမ္မ ရိုက်နှက်ဖမ်းဆီးခံခဲ့ ရတာဖြစ်ပါတယ်။
အဲ့ဒီနောက် ရေကြည်အိုင်စစ်ကြောရေးမှာ ရက်ပေါင်း ၂၂ ရက်ကြာတဲ့ အထိ ညှဉ်းပမ်းနှိပ်စက်စစ်ဆေး မေးမြန်းခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည) တို့နဲ့ အင်းစိန်အကျဉ်းထောင် တရားရုံးမှာ တရားစွဲခံခဲ့ရပြီး ၂၀၂၅ ခုနှစ် မေလ ၁၆ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ – က ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည) ပုဒ်မနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ထပ်မံအမိန့်ချရပြီး စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။
စစ်အုပ်စုဟာ သတင်းသမားတွေကို ဖမ်းဆီးပြီးနောက် အကြမ်းဖက်သတ်ဖြတ်တာတွေ၊ အကြမ်းဖက်ပုဒ်မ အမျိုးမျိုး တပ်ကာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လေ့ရှိတယ်လို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)ရဲ့ သုတေသနစာတမ်းပါ အချက်အလက်တွေ အရ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစပြီး ဒီနေ့ အချိန်အထိ သတင်းသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ သတင်းသမား ၃၀ ကျော်ကို အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ (IMJA) က ထုတ်ပြန်ပါတယ်။
ဓါတ်ပုံ – သတင်းထောက် ဆွတ်ရိန်ပန် ၏ မိသားစုထံမှတဆင့် CPJ တွင်ဖော်ပြထားမှု ဓါတ်ပုံ


