Homeပြည်တွင်းသတင်းမိုးကုတ်မြို့ပေါ်ကို စစ်အုပ်စုက TNLA အကူအညီနဲ့ ဝင်ရောက်မယ်ဆိုတာကြောင့် ဒေသခံတွေ မြို့ကနေ တိမ်းရှောင်နေကြ

မိုးကုတ်မြို့ပေါ်ကို စစ်အုပ်စုက TNLA အကူအညီနဲ့ ဝင်ရောက်မယ်ဆိုတာကြောင့် ဒေသခံတွေ မြို့ကနေ တိမ်းရှောင်နေကြ

၂၅ နိုဝင်ဘာ ၂၀၂၅

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်အုပ်စုက (TNLA) အကူအညီနဲ့ ယခုရက် ပိုင်းအတွင်း ဝင်ရောက်မည့်ဆိုသည့် သတင်းထွက်ပေါ်နေပြီး လက်ရှိမှာဒေသခံတွေမြို့ကို စွန့်ကာတိမ်းရှောင်နေပြီဖြစ်တယ်လို့ မိုးကုတ်မြို့ကနေ မန္တလေးမြို့ကို တိမ်းရှောင်လာတဲ့ စစ်ရှောင်တဦးက New Day Myanmar ကိုပြောပါတယ်။

လတ်လောအခြေအနေအရ စစ်အုပ်စုဟာ နိုဝင်ဘာ ၂၉ ရက်မှာ မိုးကုတ်မြို့အတွင်းဝင်ရောက်နိုင်ဖို့ (TNLA) က အကာကွယ်ယူကာ တပ်ဖြန့်ပြင်ဆင်နေသလို (TNLA) ဘက်ကလည်း မိုးကုတ်မြို့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ထောက်ပံ့ဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိထားရပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့အတွင်း တပ်ဆင်ထားတဲ့ စတားလင့်အင်တာနက်စက်တွေကိုလည်း (TNLA) ဘက်မှ ပိတ်သိမ်းခိုင်းနေတယ်လို့ သိရပါတယ်။

“မြို့ကနေ ထွက်ပြေးတဲ့သူတွေများနေပြီ။အခုလည်း ထွက်ပြေးနေကြတာဘဲ နီးစပ်ရာကိုပေါ့။ PDF ဘက်ကတော့ ဘာထုတ်ပြန်ချက် တခုမှထွက်မလာသေးဘူး။ အခြေအနေက ရှုပ်ထွေးနေတယ်။ မြို့ခံတွေကတော့ မရှိသလောက်တောင်ဖြစ်နေပြီ”လို့ အဲ့ဒီစစ်ရှောင်က ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၀၂၄ ခုနှစ် ဇူလိုင်၂၄ ရက်နေ့မှာ (TNLA) ဦးဆောင်ပြီး (PDF) တပ်တွေနဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အပြီး သတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နဲ့ ၂၈ ရက်က တရုတ်နိုင်ငံ ကူမင်မြို့မှာ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ပြုလုပ်တဲ့တွေ့ဆုံဆွေးနွေးပွဲမှာ စစ်ကော်မရှင်နဲ့ (PSLF/ TNLA) တို့အကြား အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် အခုလို (TNLA) ဟာ စစ်အုပ်စုဘက်က နေကူညီပေးနေတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး