လွန်ခဲ့တဲ့ ၂၀၁၆ လောက်တုန်းက ISIS ရဲ့ စခန်းတစ်ခု ဗုံးကြဲခံခဲ့ရပုံက ထူးထူးခြားခြားပါပဲ။ အကြောင်းအရင်းက မလုပ်သင့်တဲ့ အမှားတစ်ခုကြောင့် ဒါမှမဟုတ် ကြွားဝါချင်တဲ့ စိတ်ကြောင့်လို့ ပြောရမယ်ထင်ပါတယ်။
ဘယ်လိုကြဲခံခဲ့ရတာလဲဆိုတော့ အင်တာနက်ပေါ်မှာ သူတို့လေ့ကျင့်နေတဲ့ ဗွီဒီယိုဖိုင်လေးတစ်ခု တင်လိုက်တာကြောင့်ဖြစ်ပါတယ်။
ဒီဗွီဒီယိုဖိုင်ကို လူတစ်ယောက်က အင်တာနက်ပေါ်က 4chan ဆိုတဲ့ ဂရုမှာတင်ပြီး ဒီနေရာကို ရှာနိုင်တဲ့သူရှိပါ့မလားဆိုတဲ့မေးခွန်းမေးလိုက်ပါတယ်။
အဲဒီဂရုထဲမှာတော့ အင်တာနက်ကိုကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်တဲ့ ဆရာကြီးတွေ၊ ဖြတ်ထိုးညဏ် ကောင်းတဲ့သူတွေ အများအပြားရှိကြပါတယ်။
အဲဒီဆရာကြီးတွေက ဗွီဒီယိုဖိုင်ကို အထပ်ထပ်အခါအခါကြည့်ပြီး Google maps နဲ့ တိုက်ဆိုင် စစ်ဆေးကြပါတယ်။ နေရာက သေချာသလောက်ဖြစ်သွားတဲ့အချိန်မှာ 4chan ထဲက ဆရာကြီးတွေက ရုရှားဘက်က ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်ကို ပြောပြလိုက်ပါတယ်။
သိပ်မကြာပါဘူး။ အဲဒီနေရာဗုံးကြဲခံလိုက်ရပါတယ်။ ပြီးတော့ ဆီးရီးယားနိုင်ငံမှာရှိတဲ့ ISIS စခန်း ဗုံးကြဲခံလိုက်ရတယ်ဆိုတဲ့ သတင်းတွေလည်း အများအပြား တက်လာပါတယ်။
မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစုတွေအတွက်တော့ ဒါဟာ သတိထားစရာအချက်ပါ။
ဒါ့ပြင် အခုအချိန်မှာ Geogusser ဆိုတဲ့ ပြိုင်ပွဲပေါ်လာပါတယ်။ ဒါကတော့ ပုံတစ်ပုံကိုကြည့်ပြီး အဲဒီပုံရဲ့တည်နေရာကို Google Maps ကနေ ခန့်မှန်းရတာပါ။
အဲဒီလို ခန့်မှန်းတဲ့လူတွေထဲမှာ Rainbolt ဆိုတဲ့လူကလည်း အင်မတန်ထူးခြားတဲ့လူပါ။ ပုံတစ်ပုံကို ကြည့်လိုက်တာနဲ့ ဒါဟာ ဘယ်နေရာလည်းဆိုတာကို ပြောနိုင်ပါတယ်။ ဝမ်းသာစရာ သတင်းကတော့ စစ်အုပ်စုဘက်မှာ အဲဒီလိုလူရှိတယ်လို့ မကြားမိသေးပါဘူး။ ဒါပေမဲ့ ရှိကောင်း ရှိနိုင်ပါတယ်။
အဲဒီ Rainbolt ဆိုတဲ့လူကိုအခြေခံပြီး ဇာတ်ညွှန်းရေးထားတဲ့ The Amature ဆိုတဲ့ ရုပ်ရှင်လည်း အခု ၂၀၂၅ ခုနှစ်ထဲမှာ ထွက်ထားပါတယ်။ ကြည့်လို့ကောင်းတယ်၊ စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတဲ့ ရုပ်ရှင်ထဲ ပါပါတယ်။
ဒါကြောင့် ပုံတစ်ပုံကိုကြည့်ပြီး ဒါဘယ်နေရာလည်းဆိုတာကို ပြောနိုင်တာဟာ တော်တော်ကြောက်ဖို့ ကောင်းလာပါတယ်။ ပိုဆိုးလာတာက အခုခေတ်မှာ ညဏ်ရည်တုနည်းပညာ (AI ) တွေကို ပုံပြပြီး တည်နေရာအချက်အလက်ကို မေးလို့ရလာနိုင်တဲ့အတွက် ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းလာ ပါတယ်။
ဒါ့အပြင် ဒီနှစ်ထဲမှာ ကမ္ဘာကိုကိုင်လှုပ်သွားတဲ့ အဖြစ်အပျက်ခပ်ကြီးကြီးတစ်ခုအကြောင်းလည်း ပြောချင်ပါသေးတယ်။ ဒါကတော့ အီရန်ရဲ့ အရေးကြီးပုဂ္ဂိုလ်တွေကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ပါ။
အီရန်ရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေဟာ သူတို့နေရာကို ခြေရာခံနိုင်မှာစိုးတဲ့အတွက် အစည်းအဝေးလုပ်တဲ့ အချိန်မှာ ဖုန်းတွေမယူခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ သတိလွတ်သွားတဲ့ အချက်ကတော့ သူတို့ရဲ့ သက်တော်စောင့်တွေက ဖုန်းတွေ ယူလာကြတာပါ။
ပြီးတော့ အီရန်က အရေးကြီးပုဂ္ဂိုလ်တွေဟာ သက်တော်စောင့်တွေများကြပါတယ်။ ဒါကြောင့် အရေးကြီးပုဂ္ဂိုလ်တွေဆီမှာ ဖုန်းမရှိဘူးဆိုပေမဲ့ သူတို့ရဲ့သက်တော်စောင့်တွေ ဆိုရှယ်မီဒီယာမှာ ပိုစ့်တွေတင်တာကနေ အစ္စရေးဟာ သတင်းအချက်အလက်အတိအကျရပြီး ဗုံးကြဲနိုင်သွားခဲ့ပါတယ်။
အီရန်သမ္မတလည်း အသက်ဘေးကနေ အသည်းအသန် ရုန်ထွက်ခဲ့ရပါတယ်။
ဒါဟာ ခြောက်နေတာမဟုတ်ဘဲ ဖြစ်နိုင်ချေတွေကို ပြောပြနေတာပါ။ ဆိုလိုတာက တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆိုရှယ်မီဒီယာမှာ တင်တဲ့ပုံတွေ၊ ဗွီဒီယိုတွေကို သတိထားဖို့ အရေးတကြီးလိုအပ်နေတာပါ။
ဥပမာ ဗုံးခိုကျင်း ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေတင်တာ။ အရေးကြီးပုဂ္ဂိုလ်တွေနဲ့အနီးကပ်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဗွီဒီယိုအတိုလေးတွေတင်တာမျိုးတွေပါ။
စစ်အုပ်စုဆီမှာ လက်နက်တွေက အမျိုးအစားအစုံအလင်ရှိပါတယ်။ ဗုံးခိုကျင်းကို အမှန်အကန်ဆောက်ထားပေမဲ့ ဒီလို အနေအထားဆိုရင် ဘယ်လိုဗုံးမျိုးသုံးရမလဲဆိုတာကို သူတို့ စဉ်းစားနိုင်ကြပါတယ်။
ဒါကြောင့် လှူဒါန်းတဲ့ပုဂ္ဂိုလ်တွေကို အသိပေးရုံလောက်ဆိုရင်တော့ တိတ်တဆိတ်ပဲ message ကနေ ပို့လိုက်တာ ကောင်းပါတယ်။ ဆိုရှယ်မီဒီယာမှာ တင်ဖို့လောက်ထိ မလိုအပ်ပါဘူး။
အစိုးရိမ်လွန်တာလားဆိုတော့ ဟုတ်ပါတယ် အစိုးရိမ်လွန်တာပါပဲ။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်ဆိုသလိုမျိုး ဘယ်လို အပေါက်မျိုးကနေမှ လူ့အသက်တွေကို မဆုံးရှုံးချင်လို့ပါ။
ထပ်ပြီးတော သတိပေးလိုတာက စစ်အုပ်စုဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားတဲ့ ကိစ္စမျိုးကို အရေးတယူပြုတက်ပါတယ်။ ပုံမှန်ဆိုရင်တော့ အလွန်ဆုံး သူတို့ရဲ့ စစ်တိုင်းမှူးတွေလောက်ထိပဲ သိတာပါ။ ဆိုရှယ်မီဒီယာမှာ ပေါက်သွားရင်တော့ မင်းအောင်လှိုင်အထိ သိသွားပါတယ်။
ဥပမာ အမြန်လမ်းပေါ်က ကားတွေကို စစ်ဆေးတာ၊ ဘယ်လမ်းကြောင်းမှာ ကားတွေကို စစ်ဆေးတာ စတဲ့ စတဲ့ ကိစ္စတွေမျိုးကစလို့ ထပ်ပြီး စိတ်မနာချင်တော့တဲ့ ကိစ္စမျိုးတွေအထိပါ ပါဝင်နေပါတယ်။
အဲဒီလိုကိစ္စမျိုးတွေဆို စစ်အုပ်စုလော်ဘီတွေကလည်း အသဲအသန်လော်ကြပါတယ်။
အဲဒီလို လော်ပြီဆိုရင် စစ်အုပ်စုရဲ့ လေကြောင်းက ကြဲတဲ့ဗုံးတွေဟာ အဲဒီနေရာကို ဒုတ်ထိထိပါ။
ဘယ်လမ်းမှာ၊ ဘယ်နေရာမှာဖြစ်ဖြစ် တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ဆေးစရာရှိတာ စစ်ဆေးကြပါ။ စခန်းတွေ သိမ်းတာက သိမ်းကြပါ။ ဗုံးခိုကျင်းဆောက်တာ ဆောက်ကြပါ။ ဒါပေမဲ့ ဆိုရှယ်မီဒီယာပေါ် အလျင်စလို မတင်ကြပါနဲ့လို့ အနှစ်ချုပ်ချင်ပါတယ်။
မတင်ခင် ဒီပိုစ့်တစ်ခု၊ ပုံတစ်ပုံ၊ ဗွီဒီယိုဖိုင်တစ်ဖိုင်တင်ဖို့အတွက် အသည်းအသန်းလိုအပ်နေလားဆိုတာ အရင်ဆုံး စဉ်းစားကြည့်ပါ။ မလိုအပ်ရင် မတင်တာအကောင်းဆုံးပါပဲ။ လိုအပ်လာရင်လည်း တက်နိုင်သမျှ blur (ဝါး) သင့်တာ blur ပြီးမှ တင်ကြပါလို့ပြောရင်း နိဂုံးချုပ်လိုပါတယ်။
ဆိုရှယ်မီဒီယာပေါ် မတင်ခြင်းအားဖြင့် စစ်အုပ်စုရဲ့ လေကြောင်းဒဏ်ကနေ ကင်းဝေးကြပါစေကြောင်း ချစ်ခြင်းများစွာ၊ ဂရုစိုက်ခြင်းများစွာဖြင့် ဆုတောင်းလိုက်ပါတယ်။
ရေးသူ – ကောက်ရိုး


