Homeပြည်တွင်းသတင်းရှမ်းတောင်နဲ့ ကရင်နီပြည်နယ်အတွင်းက မြို့နယ် ၆ ခုရှိ လူဦးရေ ၃၀၀၀၀ ကျော် ရေဘေးသင့်နေ

ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်အတွင်းက မြို့နယ် ၆ ခုရှိ လူဦးရေ ၃၀၀၀၀ ကျော် ရေဘေးသင့်နေ

၁၆ စက်တင်ဘာ၊၂၀၂၄

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းရှိ မြီု့နယ် ၆ ခုမှ လူဦးရေ ၃၀၀၀၀ ကျော် ရေကြီး မြေပြိုမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်နီဒေတွင်းသတင်းအရင်းမြစ်တစ်ခုဖြစ်တဲ့ The Voice of Karenni မှာ ဖော်ပြလာမှုအရ သိရပါတယ်။

ရေကြီးမှုဒဏ်ကြောင့် လွိုင်ကော်မြို့မှာ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး ဘုရားဖြူ၊ ဘုရားနီနဲ့ ချောင်းစပ်နား ကျေးရွာတွေမှာ ရေကြီးရေလျှံနေသလို လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်၊ ရှမ်းပိုင်၊ ဒေါနိုးကူး၊ ချိကယ်၊ ဒေါတမ၊ ရေနီကန်၊ သတ္တဗလူချောင်းနံဘေးစပ်က နေအိမ်တွေ ရေနှစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

မိုးဗြဲမှာ စစ်ကောင်စီမှ မိုးဗြဲရေကာတာ ရေထပ်မံလွှတ်ချတာကြောင့် ကျေးရွာ ၃ ရွာနဲ့ စစ်ရှောင်စခန်း ၁ ခု ရှိ လူဦးရေ ၅,၀၀၀ ခန့် ရေဘေးကြုံတွေ့နေရပြီး လယ်ဧက ၃,၀၀၀ ကျော် ရေလွှမ်းပျက်ဆီးခဲ့ကြောင်း၊ ဖယ်ခုံ မြို့နယ်တွင်လည်း ရေလျှံမှုကြောင့် စစ်ရှောင်စခန်း ၃ ခုအပါအဝင် လူဦးရေ ၂၆၀၀ ကျော် ရေဘေး သင့် နေပြီး တိကျိတ်ကျေးရွာမှ တောင်ကျရေစီးဆင်းမှုကြောင့် မြေပြိုမှုကြောင့် ထိခိုက်သေဆုံးမှုရှိပြီး နေအိမ် ၂၅ လုံးလည်း ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်တွင်လည်း စစ်ရှောင်စခန်း ၇ ခု ရေလွှမ်းမိုးခံရပြီး ကျေးရွာနေပြည်သူတွေအပါအဝင် လူဦးရေ ၁၀,၀၀၀ ကျော်မှာ ရေဘေးသင့်ခဲ့ရပြီး စပါးစိုက်ခင်း ဧက ၁,၀၀၀ ကျော် ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ဖရူဆိုမြို့နယ်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀ နဲ့ လူဦးရေ ၂၀၀ ခန့် အရေးပေါ် ရွေ့ပြောင်းခဲ့ရပြီး ရေကြီးမြေပြိုမှုများကြောင့် စစ်ရှောင်တွေ အပါအဝင် ဒေသခံ ၁၀,၀၀၀ ဝန်းကျင် ရေဘေးသင့်ခဲ့ရသလို ရှားတော်မြို့နယ် စူးဖဲလော့၊ နော်ပလု၊ ပွန်းချောင်းကျေးရွာတွေနဲ့ စစ်ရှောင်စခန်း ၁ ခုတို့ ရေလွှမ်းမိုးခံခဲ့ရပြီး လူဦးရေ ၁,၃၃၅ ရေဘေးကြုံခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ – ကရင်နီပြည်နယ်အတွင်းက ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူများ

Photo – CJ

Related News

Most Read