Homeပြည်တွင်းသတင်းထိုင်းဒုက္ခသည်စခန်းများရှိ မြန်မာနိုင်ငံသားများကို စခန်းပြင်ပ တရားဝင်အလုပ်လုပ်ခွင့်ပေးရေး စတင်လုပ်ဆောင်၊

ထိုင်းဒုက္ခသည်စခန်းများရှိ မြန်မာနိုင်ငံသားများကို စခန်းပြင်ပ တရားဝင်အလုပ်လုပ်ခွင့်ပေးရေး စတင်လုပ်ဆောင်၊

အထူးမှတ်ပုံတင်ကတ် ထုတ်ပေးပြီး ဘဏ်စနစ်အပါအဝင် ဝန်ဆောင်မှုတွေအသုံးပြုနိုင်မည်

၁၀ ဇွန် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံရှိ ယာယီခိုလှုံရာစခန်းတွေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် စခန်းပြင်ပမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးနဲ့ အထူးမှတ်ပုံတင်ကတ်တွေ ထုတ်ပေးနိုင်ရေးကိစ္စကို ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ ဇွန်လ ၈ ရက်နေ့က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပထုမ်ဌာနီခရိုင်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေသူတွေကို စခန်းပြင်ပမှာ တရားဝင် အလုပ်လုပ်ကိုင်နိုင်မယ့် လမ်းကြောင်းတွေ ဖွင့်ပေးရေးနဲ့ အထူးမှတ်ပုံတင်ကတ် ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်လို့ The Thaiger ကို ကိုးကားပြီး Beacon Myanmar သတင်းမှာဖော်ပြပါတယ်။

ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အရည်အချင်းပြည့်မီတဲ့ မြန်မာနိုင်ငံသားတွေကို စခန်းတွေထဲမှာသာ ကန့်သတ်ထားခြင်းမရှိဘဲ တရားဝင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့ ဖြစ်ပါတယ်။

အထူးထုတ်ပေးမယ့် မှတ်ပုံတင်ကတ်တွေကို ကိုင်ဆောင်ထားသူတွေအနေနဲ့ ဘဏ်ဝန်ဆောင်မှုတွေ၊ ဖုန်းနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ၊ ကျန်းမာရေးအာမခံစနစ်တွေအပါအဝင် အခြေခံ လူမှုဝန်ဆောင်မှုတွေကို တရားဝင် အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းအစိုးရတာဝန်ရှိသူတွေကတော့ ဒီမူဝါဒဟာ နိုင်ငံရဲ့ စီးပွားရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်သလို လူ့အခွင့်အရေးကာကွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း တစ်ပြိုင်နက်တည်း အထောက်အကူပြုစေမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်ခြင်းကြောင့် လုံခြုံရေးဆိုင်ရာ စိစစ်မှုတွေကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်မှာဖြစ်သလို ဥပဒေအကာအကွယ်ပေးနိုင်ရေးကိုလည်း ပိုမိုအားကောင်းလာစေမယ်လို့ ဆိုပါတယ်။

အဆိုပါ အစီအစဉ်ဟာ ထိုင်းအစိုးရက ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း အတည်ပြုခဲ့တဲ့ မူဝါဒတစ်ရပ်ရဲ့ နောက်ဆက်တွဲ အကောင်အထည်ဖော်မှုဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်နေကြတဲ့ ဒုက္ခသည်တွေအတွက် အလုပ်အကိုင်နဲ့ လူမှုဘဝအခွင့်အလမ်းတွေ ပိုမိုရရှိလာစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

UNHCR ဘက်ကလည်း ထိုင်းနိုင်ငံဟာ နှစ်ပေါင်း ၄၀ ကျော်ကြာ ဒုက္ခသည်တွေကို လက်ခံစောင့်ရှောက်ပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း အသိအမှတ်ပြု ချီးကျူးခဲ့ပြီး လူသားချင်းစာနာထောက်ထားရေး၊ အများပြည်သူလုံခြုံရေးနဲ့ နိုင်ငံတော်လုံခြုံရေးတို့ကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်ဖို့ ထိုင်းအစိုးရနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံသား ဒုက္ခသည် ၉၀,၀၀၀ ကျော် နေထိုင်နေကြပြီး အများစုဟာ ကရင်နဲ့ ကရင်နီဒေသက စစ်ဘေးရှောင်တွေနဲ့ ၁၉၈၀ ပြည့်နှစ်များကတည်းက ခိုလှုံနေသူတွေ ဖြစ်ကြပါတယ်။

Thaiger သတင်းဌာနရဲ့ ဖော်ပြချက်အရ အခုဆွေးနွေးမှုတွေဟာ ဒုက္ခသည်တွေရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း မြင့်တက်လာစေရေးနဲ့ ထိုင်းနိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်နေကြပါတယ်။

Related News

Most Read