Homeပြည်တွင်းသတင်း"မဆုတ်တမ်းခံစစ်"ဆိုတဲ့ စစ်ကောင်စီရဲ့စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိ ၊ စစ်ကောင်စီတပ်သားအချို့ ထိုင်းဘက်ကိုထွက်ပြေး

“မဆုတ်တမ်းခံစစ်”ဆိုတဲ့ စစ်ကောင်စီရဲ့စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိ ၊ စစ်ကောင်စီတပ်သားအချို့ ထိုင်းဘက်ကိုထွက်ပြေး

ဇူလိုင် ၂၀၂၅

“မဆုတ်တမ်းခံစစ်”ဆိုတဲ့ စစ်ကောင်စီရဲ့ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက် အောက်ခံတပ်ရင်းတွေကို မနေ့က ဇူလိုင် ၇ ရက်မှာ KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာကြောင့် အဲ့ဒီစခန်းက စစ်ကောင်စီတပ် သားတွေဟာ ထိုင်းနိုင်ငံဘက်ထဲကို ထွက် ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွက် ဂုဏ်ယူကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်ကလည်း ထုတ်ပြန်အသိအမှတ်ပြုထားတာတွေ့ရပါတယ်။

အဲဒီစခန်းကို မနေ့က ဇူလိုင် ၇ ရက်နေ့မှာကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ (၄)၊ တပ်ရင်း(၁၀)နဲ့ တပ်မဟာ (၆) ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (KNLA) အထူးဗျူဟာ (၂) ဦးဆောင်မှုနဲ့ မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်သိမ်းပိုက်ရမိတဲ့ အဲဒီစခန်းဟာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက် အောက်ခံ ခလရ (၂၈၂)ရဲ့ စစ်ကြောင်း (၂) အခြေပြုထားတဲ့ “သုခ” မဆုတ်တမ်းခံတပ်စခန်းဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး- KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ဂုဏ်ပြုမှတ်တမ်းမှာ ထုတ်ပြန်ချက်မှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်နဲ့ လူမျိူးကြီးဝါဒချုပ်ငြိမ်းရေး၊ဖက်ဒရယ်ပြည်ထောင် စုတည်ထောင်ပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့ အစည်းကို ပြန်လည်တည်ဆောက်လိုတဲ့ လူငယ် ရဲဘော်ရဲဖက်တွေရဲ့ ကြိုးပမ်းမှု၊ ပေးဆပ်မှုတွေကို လေးစားစွာနဲ့မှတ်တမ်းတင်အပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလိုအောင်ပွဲရစေဖို့ နည်းပညာအား၊ ဘဏ္ဍာငွေအပါအဝင် အဘက်ဘက်က ကူညီပံ့ပိုးသူတွေနဲ့ တိုက်ပွဲဝင် ရဲဘော်တွေ ဘေးရန်ကင်းဝေးစေဖို့ ဝိုင်းဝန်းဆုတောင်းမေတ္တာပို့သပြီး စိတ်ဓာတ်ခွန်အား ပံ့ပိုးပေးကြတဲ့ မိဘပြည်သူတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း အသိပေးထားပါတယ်။

ဓာတ်ပုံ – KNU

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး