မြန်မာနိုင်ငံမှာ ငလျင်ကြီးအပြီး ဆက်လက်မြင့်တက်နေတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဥရောပသမဂ္ဂက ရန်ပုံငွေ ယူရို ၅ သန်းပေးအပ်တဲ့အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ဥရောပသမဂ္ဂ (EU) တို့က ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။
EU က ပံ့ပိုးကူညီထားတဲ့ ရန်ပုံငွေတွေနဲ့ ငလျင်ဘေးဒဏ်အဆိုးရွားဆုံးခံစားခဲ့ရသူတွေဟာ
စားနပ်ရိက္ခာ (သို့မဟုတ်) စားနပ်ရိက္ခာဝယ်ယူရန် ငွေသားအကူအညီတွေနဲ့
ကလေးနဲ့ မိခင်တွေအတွက် အထူးအာဟာရအထောက်အပံ့တွေကို ရရှိကြမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအထောက်အပံ့တွေကို အကူအညီလိုအပ်နေသူတွေဆီ WFP ကိုယ်တိုင် တိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပြီး ဒေသခံမိတ်ဖက်တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
WFP ရဲ့ ပဏာမတုံ့ပြန်ရေးအစီအစဥ်အတွင်းမှာ ငလျင်ဒဏ်အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရတဲ့ဒေသတွေက စုစုပေါင်း လူဦးရေ လေးသိန်းခန့်ကို အရေးပေါ်စားနပ်ရိက္ခာ၊ စားနပ်ရိက္ခာဝယ်ယူဖို့ ငွေသားနဲ့ အာဟာရအထောက်အပံ့တွေ ပေးအပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယခုဇွန်လဆန်းက စတင်ပြီး နှစ်လကြာကာလအတွင်းမှာ လူဦးရေ တစ်သိန်းငါးသောင်းခန့်ကို စိစစ်ရွေးချယ်ပြီး ထောက်ပံ့ကူညီသွားမှာဖြစ်သလို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ငလျင်အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့မြို့နယ်တွေမှာ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရတဲ့ လူဦးရေ ၂.၈ သန်းနီးပါးဟာ ငလျင်ဘေးဒဏ်ကို ထိခိုက်ခံစားခဲ့ရတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – UN