စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ လေးနှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိုးတိန်တွင်း ကျေးရွာ နဲ့ ထွန်းရဝေကျေးရွာတွေ မှာဖြစ်ခဲ့တဲ့ လူအစုလိုက်အပြုံလိုက်သေဆုံးခဲတဲ့ဖြစ်စဉ်ပေါင်း ၈၀ ကျော် အထိရှိလာပြီဖြစ်တယ်လို့ ISP Myanmar က ကောက်ယူတဲ့စာရင်းတွေအရ သိရပါတယ်။
အိုးတိန်တွင်းရွာ စာသင်ကျောင်းနဲ့ ထွန်းရဝေကျေးရွာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာ အပါအဝင် အာဏာသိမ်းမှုအလွန် လေးနှစ်ကျော် အတွင်း (အရပ်သား ၁၀ ဦးနှင့် အထက်) အစုအပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း ၈၀ ထက်မနည်း ရှိလာပြီဖြစ်ကြောင်းနဲ့ အဲဒီ ဖြစ်စဉ်တွေမှာ အရပ်သား ၁,၅၉၈ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်တွေဟာ တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး အများစုက စစ်ကိုင်းတိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မန္တလေး-စစ်ကိုင်း ငလျင်အပြီးနောက် စစ်ကောင်စီအနေနဲ့ အပစ်ရပ် ကြေညာပြီး တလကျော် ကာလ အတွင်းလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် (အရပ်သား ၁၀ ဦးနဲ့အထက် သေခဲ့ရတဲ့) အစုလိုက် အပြုံလိုက် သေဆုံးတဲ့ ဖြစ်စဉ်ပေါင်း ခြောက်ခုထက်မနည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီဖြစ်စဉ် ခြောက်ခုစလုံးဟာ အရပ်သားတွေ နေထိုင်နေတဲ့ ကျေးရွာနဲ့ စာသင်ကျောင်းတွေပဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အရပ်သား ၁၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ISP Myanmar ကထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ် မေ ၁၂ ရက်မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ က ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်မှာ စာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၂၁ ဦးနဲ့ ဆရာမနှစ်ဦး အပါအဝင် စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ရပါတယ်။
အိုးတိန်တွင်းရွာ ဖြစ်စဉ်အပြီး တရက်အကြာ မေ ၁၃ ရက်မှာတော့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ထွန်းရဝေကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ကလေးငယ် တဦးအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။
ဓာတ်ပုံ : Social media