မြေလတ်အသံသတင်းဌာနကသတင်းထောက်ကိုသန်းထိုက်မြင့်ကို ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တဲ့အပေါ် လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး IMJA က ဧပြီ ၃၀ မှာ စာထုတ်ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။
ကိုသန်းထိုက်မြင့်ကို ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ ၆ ရက်က မြန်အောင်မြို့နယ်၊အင်ပင်မြို့မှာရှိတဲ့သူ့ရဲ့နေအိမ်ကိုခေတ္တပြန်လည်နေထိုင်စဥ်မှာ စစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက်သူ့ကို မြန်အောင်အခြေစိုက်ခလရ၅၁တပ်စစ်ကြောရေးမှာ ၇ရက်ခန့်ရိုက်နှက်စစ်ဆေးခဲ့ပြီးနောက်မြန်အောင်မြို့ရဲစခန်းအချုပ်ကိုပို့ဆောင်ကာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ စစ်ကောင်စီကတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
၂၀၂၅ခုနှစ်ဧပြီလ၃ရက်မှာတော့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပြီးဟင်္သာတအကျဉ်းထောင်ကိုပို့ဆောင်လိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစပြီး ယနေ့အချိန်အထိ သတင်းသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီးသတင်းသမား၂၀၀ကျော်ကိုဖမ်းဆီးခဲ့သည်။လက်ရှိအချိန်အထိသတင်းသမား၄၇ဦးကိုအကျဉ်းထောင်အသီးသီးတွင်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ IMJA က သိရပါတယ်။
လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)အနေနဲ့ အခုလို တင်းသမားတွေ အပေါ် နှစ်ရှည်ထောင်ဒဏ်ချမှတ်တဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီးသတင်းမီဒီယာသမားတွေ အပေါ် ကျူးလွန်သည့်ပြစ်မှုတခုအနေနဲ့ မှတ်တမ်းတင်ထားမယ်လို့ ဆိုပါတယ်။
သတင်းသမားများကိုပစ်မှတ်ထားဖမ်းဆီး၊သတ်ဖြတ်၊ထောင်ချနေတဲ့ စစ်ကောင်စီကိုကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ကြဖို့လည်း IMJA က တောင်းဆိုထားပါတယ်။