Homeပြည်တွင်းသတင်းရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေဆီ အကူအညီတွေရောက်ဖို့ လမ်းကြောင်းတစ်ခုဖန်တီးပေးဖို့ Fortify Rights အဖွဲ့တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေဆီ အကူအညီတွေရောက်ဖို့ လမ်းကြောင်းတစ်ခုဖန်တီးပေးဖို့ Fortify Rights အဖွဲ့တိုက်တွန်း

၁၃ မတ်၊ ၂၀၂၅

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးသင့် ပြည်သူတွေဆီအရောက်သွားနိုင်ဖို့ နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာမှု အကူအညီပေးရေး စင်္ကြန်(လမ်းကြောင်း)တစ်ခုဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခတပ်တော် (AA) တို့ကို လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့အဖြစ်တဲ့ Fortify Rights အဖွဲ့က မတ်လ ၁၂ရက်က တိုက်တွန်း လိုက်ပါတယ်။

Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ထားမှုအရ စုဆောင်းရရှိထားတဲ့ သက်သေအထောက်အထားတွေအရ မြန်မာစစ်တပ်ဟာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုက်အဝန်းနှစ်ခုလုံးက အရပ်သားပြည်သူတွေ အသက်ရှင် ရပ်တည်ဖို့ လိုအပ်တဲ့အကူအညီတွေ မရအောင် စနစ်တကျ တားဆီးထားပြီး ဒါဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ် လို့လည်း ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ထဲမှာ ပြည်နယ်မြို့တော် စစ်တွေမြို့ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင် ပြီး စစ်တွေဟာ အရေးကြီးတဲ့ ဆိပ်ကမ်းမြို့ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအရပ်ရပ်ကနေ ရခိုင်ပြည်နယ်ကို ပေးပို့ မယ့် အကူအညီတွေကို ပိတ်ပင်နိုင်တဲ့အကြောင်း Fortify Rights က သုံးသပ်ထားပါတယ်။

ရခိုင်ပြည်နယ် ဒေသခံတွေ၊ ထပ်မံရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလသမဂ္ဂအပါအဝင် အကူ အညီပေးရေးအဖွဲ့တွေကို မေးမြန်းထားတွေနဲ့ စစ်ကောင်စီကထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းတွေကို လေ့လာသုံးသပ်ချက်အရ၊ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ကို ပိတ်ထား တယ်လို့ ဖော်ပြပါရှိပါတယ်။

စစ်တပ်က ဒီလိုပိတ်ဆို့ထားမှုတွေကြောင့် အစားအစာနဲ့ ဆေးဝါးပြတ်လပ်တဲ့ အတွက် အရပ်သားပြည်သူတွေ အသက်သေဆုံးနေရကြောင်းနဲ့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၅၁၉၀၀၀ ကျော် ရှိနေပြီး၊ နှစ်သန်းလောက်ဟာ အစားအစာ၊ ဆေးဝါးနဲ့ အခြား အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရသစ်က နိုင်ငံခြားအကူအညီတွေ လျှော့ချဖြတ်တောက်နေတာကြောင့် လူသားချင်းစာနာမှု အကျပ်အတည်း ပိုဆိုးလာပြီး မြန်မာစစ်ခေါင်းဆောင်တွေ ပိုအကျိုးရှိစေမှာဖြစ်တဲ့အကြောင်း နဲ့ မတ်လ ၁၃ ရက်မှ ၁၆ ရက်အတွင်း ဘင်္ဂလားဒေ့ရှ် ကိုသွားရောက်မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတား ရတ်စ် ခရီးစဉ်အတွင်း အကူအညီလိုအပ်နေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးက ဆွေးနွေးလိမ့် မယ်လို့ မျှော်လင့်ရကြောင်း Fortify Rights ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Photo – AA Info Desk

ဆက်စပ် သတင်းများ

Most read