၁၁ မတ်၊၂၀၂၅
စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဆွစ်ဇာလန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို Justice For Myanmar က ကြိုဆိုတယ်လို့ ပြောဆိုလိုက်ပါတယ်။
ယခုဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် MOGE အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ပြီးနောက်မှာ လိုက်ပါလုပ်ဆောင်လိုက်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
MOGE အပေါ် ဆွစ်ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက် စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေဖြည့်တင်းဖို့ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှဘဏ္ဍာငွေ ရှာဖွေရရှိနေနိုင်တဲ့ စစ်အုပ်စုရဲ့ ကယ်ပေါက်တစ်ခုကို ပိတ်ပင်ရာမှာ အရေးပါလှတယ်လို့ ဆိုပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က
“အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ကိုက်ညီနေတဲ့ မြန်မာနိုင်ငံက MOGE ကို နောက်ဆုံးမှာ ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။
ဒီလိုချမှတ်လိုက်ခြင်းက အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေထဲက အရေးကြီးတဲ့ ကယ်ပေါက်တစ်ခုကို ပိတ်လိုက် နိုင်ပြီး၊ လေးနှစ်ကျော်ကြာ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိကြောင်း သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်လို့ “ ပြောဆိုထားပါတယ်။
စစ်အုပ်စုရဲ့ အချက်အလက်တွေ အရ မြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့မှုမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ ၃ လ အတွင်းကို အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်းရှိခဲ့တယ်လို့ ဆိုထားပါတယ်။
စစ်အုပ်စုက ဓါတ်ငွေ့ဝင်ငွေတွေကို နိုင်ငံတကာရာဇဝတ်မှုတွေမြောက်တဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ စစ်လက်နက်တွေနဲ့ လေယာဉ်ဆီတွေ ဝယ်ယူရာမှာ အသုံးပြုနေကြောင်းနဲ့ ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျနိုင်ငံတို့ကလည်း ဆွစ်ဇာလန်ရဲ့လမ်းကြောင်းအတိုင်း လိုက်ပါပြီး၊ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလျင်အမြန် လုပ်ဆောင်ဖို့ တောင်းဆိုတယ်လို့ လည်း မရတနာမောင်က ပြောဆိုထားပါတယ်။