Homeပြည်တွင်းသတင်းကျားဖြန့်ကိစ္စကိုင်တွယ်ဖို့ တရုတ်ဒုဝန်ကြီး နေပြည်တော်ရောက်ရှိ

ကျားဖြန့်ကိစ္စကိုင်တွယ်ဖို့ တရုတ်ဒုဝန်ကြီး နေပြည်တော်ရောက်ရှိ

၁၅ ဖေဖော်ဝါရီ၊ ၂၀၂၅

ကျားဖြန့်ကိစ္စ သုံးနိုင်ငံပူးပေါင်းပြီး ကိုင်တွယ်ဖြေရှင်းဖို့အတွက် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဒုဝန်ကြီး နေပြည်တော်ကို လာရောက်ပြီး စစ်ကောင်စီဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ် ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး မစ္စတာ လျှိုကျုံးရီဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ရေးနဲ့ မြန်မာနယ်စပ်ဒေသက အွန်လိုင်းလောင်းကစား လိမ်လည်မှုကွန်ရက်တွေကိုနှိမ်နင်းဖို့ မြန်မာ- ထိုင်း- တရုတ်သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ- တရုတ် နယ်စပ်ဒေသတွေမှာ တည်ငြိမ်အေးချမ်းရေးကို ပိုမိုမြှင့်တင်ဖို့ ဆက်ပြီးပူးပေါင်းဆောင်ရွက်ဖို့၊ မြဝတီက အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးတွေကို ပူးပေါင်းမယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ချိန်မှာ မြန်မာနိုင်ငံမှာ အခက်ခဲတွေ ကြုံတွေ့နေရတာကြောင့် ကူညီကယ်တင်ဖို့ တောင်းဆိုထားတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးလက်ထောက်ဝန်ကြီးဟာ လူကုန်ကူးဂိုဏ်းနဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ ထိုင်းမြန်မာနယ်စပ်က မဲဆောက်မြို့နဲ့ မယ်ဆိုင်မြို့တွေကိုလည်း ဇန်နဝါရီလအတွင်းက သွားရောက်လေ့လာခဲ့ပါတယ်။

ပုံစာ- တရုတ်ပြည်သူ့လုံခြုံရေးဒုဝန်ကြီးနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ဆွေးနွေးစဉ်

ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး

ဆက်စပ် သတင်းများ

Most read