၂၁ ဇန်ဝါရီ၊ ၂၀၂၅
မွန်ပြည်နယ် ကျိုက်ထို နဲ့ ဘီလင်းမြို့နယ်တွေအတွင်းကို စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများနဲ့ ၃ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့မှာထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ အမတ ၃၁၀ တပ်က ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁နာရီ ၄၇မိနစ် အချိန်မှာ လက်နက်ကြီး နဲ့ပစ်ခတ်ခဲ့တာကြောင့် ခရွဲကျေးနယ်အတွင်းလက်နက်ကြီး ၈၁ မမ တစ်လုံးကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် လမ်းမီးတိုင် ဓာတ်ကြိုးထိခိုက်ပျက်စီးခဲ့ပြီး ဘေးနားရှိ ခြုံနွယ်တွကို မီးကူးဆက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဇန်နဝါရီလ ၁၉ရက် ညနေ ၃နာရီ ၁၅ မိနစ် အချိန်ကလည်း စစ်ကောင်စီက Drone နဲ့ ဗုန်းသီး တစ်လုံး ကျဲချရာ အောင်နဝင်းကုန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ညနေ ၃နာရီ ၃၀ မိနစ်အချိန်ခန့်က Drone ဖြင့် ဗုံးသီးတလုံး ကျဲချရာ စစ်ကွင်းရွာရှိ ကုန်စုံဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ KNU က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ရက် နေ့လယ် ၁နာရီ ၅၀ မိနစ်အချိန်တွင် ငှက်ပျောတော နဲ့ တဂေးချောင်းဖျားကြား၊ အာရှလမ်းပေါ်ရှိ မောင်တုကုန်းမှ စစ်ကောင်စီ အင်အား သုံးဆယ်ခန့်သည် drone ဖြင့် ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ရာ ကရဝေးဆိပ်ကျေးရွာ အဝင်လမ်း နဲ့ အာရှလမ်းဒေါင့်ရှိ နေအိမ်တစ်လုံးရှေ့သို့ ကျရောက်ပေါက်ကွဲ ခဲ့ရာ အိမ်နဲ့ဈေးဆိုင်ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်ပိုင်ရှင်ရဲ့ နဖူး နဲ့ နားရွက်နောက်တွင် ကျောက်ခဲအစစင်၍ ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဇန်နဝါရီလ ၁၇ရက် ည ၈နာရီအချိန်တွင်လည်း ဒူးသထူခရိုင် ဘီးလင်းမြို့နယ် မဲပလီအုပ်စု စယ်ဖိုးကျေးရွာထဲကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးသီး ၂လုံး လာရောက်ပစ်ခတ်မှုကြောင့် မဲပလီအုပ်စု ကစယ်ဖိုးကျေးရွာရှိ နေအိမ်တစ်လုံး ဗုံးသီး ကျည်စထိမှန်ပျက်စီးခဲ့ကြောင်း KNU ကထုတ်ပြန်ထားပါတယ်။
ပုံစာ- ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်သို့ လက်နက်ကြီးနှင့် ဒရုန်းများ ပစ်ခတ်ခံရ၍ ထိခိုက်ပျက်စီးခဲ့ရသည့်မှတ်တမ်းဓာတ်ပုံများ။
Photo – KNU