Homeပြည်တွင်းသတင်းစစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေနဲ့ မိသားစုတွေ အမြန်လမ်းမှာ PDF တွေရဲ့ဖမ်းဆီးခံရမှု ဆက်တိုက်ဖြစ်နေ

စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေနဲ့ မိသားစုတွေ အမြန်လမ်းမှာ PDF တွေရဲ့ဖမ်းဆီးခံရမှု ဆက်တိုက်ဖြစ်နေ

၁၀ ဇန်နဝါရီ၊ ၂၀၂၅

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးမှာ စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနက လက်ထောက်ညွှန်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီစစ်ဗိုလ်တစ်ဦးရဲ့ဇနီးနဲ့ တပ်မိသားစုဝင်တွေ၊ မီးသတ်ဦးစီးဌာနက အရာရှိတစ်ဦးနဲ့ ဇနီးဖြစ်သူတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဖမ်းဆီးထိန်းသိမ်းမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၆၂ အနီးက နတ်မောက်-ပျော်ဘွယ် လမ်းပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်းကို စစ်ဆေးပြီးဖမ်းဆီးသွားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုပါတယ်။ ဒီလက်ထောက်ညွှန်မှူးဟာ မွေးရပ်ဇာတိ ရွှေတောင်က အလုပ်ရှိတဲ့ တောင်ကြီးကို အသွား ဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးတဲ့အဖွဲ့နဲ့ပတ်သတ်ပြီး အသေးစိတ် မသိရသေးပါဘူး။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Aung San’s Land Natmauk အဖွဲ့ကလည်း ဒီဇင်ဘာ ၂၇ ရက်မှာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ အနီးမှာ မီးသတ်ဦးစီးဌာနအရာရှိ ဦးရွှေဘနဲ့ ဇနီးဖြစ်သူ၊ စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးရဲ့ဇနီးတစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ တပ်မိသားစုဝင်တွေကိုလည်း ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီလိုဖြစ်ပွားပြီးတဲ့နောက်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လုံခြုံရေးပိုတင်းကြပ်ထားပြီး အရင်ကတော့ ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေကို ယာဉ်မောင်းနှင့်အတူပါလာတဲ့ ယာဉ်အကူက စစ်ဆေးရေးဂိတ်မှာ ပြသရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသည်တင်ယာဉ်တွေပေါ်ထိတက်ပြီး လူနဲ့မှတ်ပုံတင်နံပတ်ကို သေချာတိုက်စစ်‌ဆေးနေတယ်လို့ သိရပါတယ်။ “အရင်တုန်းကလိုတော့မဟုတ်ဘူး။ တော်တော်စစ်လာတယ်။ မှတ်ပုံတင်တွေဆိုရင် သေချာကိုင်ပြထားရတယ်။ အရင်ထက်စာရင်ပိုကြပ်လာတယ်”လို့ ခရီးသည်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

Non – CDM ဝန်ထမ်းတွေဟာ အရေးကြီးကိစ္စတွေကလွဲပြီး နယ်ခရီးတွေကို မထွက်တော့‌သလို ဇာတိမြေတွေကို အရင်လို ပြန်ဖို့မလွယ်ကူတော့ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတစ်ဦးက ပြောဆိုပါတယ်။

” အရင်ကတော့ တစ်ပါတ်တစ်ခါ ရန်ကုန်အိမ်ကိုပြန်နေကြ။ အခုကျမလွယ်တော့ဘူး။ တစ်လတစ်ခေါက်တောင်စဉ်းစားရတော့မယ်။အပေါ်က လုံခြုံရေးအာမခံချက်လည်းမပေးထားဘူး။ ဖမ်းခံထားရတဲ့လူတွေရဲ့သတင်းအချက်အလက်လည်း ဘာမှမသိရဘူး။ အကုန်လုံးကလည်း အေးဆေးနေနေတာ။အဲဒီတော့ အရေးကြီးကိစ္စကလွဲရင် ခရီးဝေးမထွက်တော့ဘူး”ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ဦးစီးအရာရှိတစ်ဦးက New Day Myanmarကို ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှာ နွားထိုးကြီးအခြေစိုက် Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၃၁၈ မှာ ခရီးသွားတွေကို စစ်ဆေးပြီး မလိုအပ်ဘဲ ခရီးမထွက်ဖို့ သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။

ပုံစာ – အမြန်လမ်းမိုင်တိုင် ၃၁၈မှာ နွားထိုးကြီး PDF တွေ စစ်ဆေးစဉ်(ပုံဟောင်း)

ဓာတ်ပုံ – Screengrab from Natogyi PDF

ဆက်စပ် သတင်းများ

Most read