၂၉ နိုဝင်ဘာ၊ ၂၀၂၄
တောင်ကုတ်မြို့သိမ်းတိုက်ပွဲနဲ့ပတ်သတ်ပြီး အာရက္ခတပ်တော် AA က နိုဝင်ဘာလ (၄) ရက်က (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးမှာ သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်မှာ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၂၈ ရက်က ထုတ်ပြန်ကြေညာပါတယ်။
တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွေအဖြစ် စစ်ကောင်စီရဲ့ တောင်ကုတ်မြို့ပြင်ပ စခန်းတွေဖြစ်တဲ့ – (၁) တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်စခန်း၊ (၂) တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းထဲကစခန်း၊ (၃) အာလိမ်ငါးဆင့်ဘုရားကုန်းစခန်း၊ (၄) ဖုန်ညိုရွာစခန်းများ၊ (၅) တောင်ကုတ်မြို့အဝင် စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊ (၆) တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းစခန်း၊ (၇) ကြိုးကြာကွင်းဂိတ်စခန်း၊ (၈) ကိုင်းရှည်တံတားထိပ် တပ်စခန်း၊ (၉) သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်းစခန်း နဲ့ (၁၀) တောင်ကုတ်မြို့မ ရဲစခန်းတွေကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်မှာ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
တောင်ကုတ်မြို့ပတ်ဝန်းကျင်ကို သိမ်းပိုက်ပြီး တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးတွေဖြစ်တဲ့ စကခ (၅) တပ်မဌာနချုပ် နဲ့ စကခ (၅) လက်အောက်ခံတပ်ရင်းတွေ ဖြစ်တဲ့ ခမရ (၃၄၆) နဲ့ ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းတွေကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။
တောကုတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တစ်ယောက်မှ မကျန်အောင် AA က မောင်းထုတ်ထားပြီး ဒေသခံတချို့နဲ့ပြည်သူပစ္စည်းခိုးယူဖို့ ကျန်နေတဲ့ တောကြောင်တွေသာ ရှိတော့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
တောင်ကုတ်မြို့အခြေအနေမငြိမ်သက်နေတုန်းမှာ အခွင့်ကောင်းယူပြီး ခိုးယူခဲ့တဲ့ ခိုးရာပါပစ္စည်းတွေကိုလည်း AA က သိမ်းဆည်းထားပြီး ပြည်သူ့ပစ္စည်း ခိုးယူတာကို တွေ့ရှိရင်လည်း အရေးယူသွားမယ်လို့ ကြေညာပါတယ်။
လက်ရှိအချိန်မှာ အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်တွေက ဖက်ဆစ်စစ်ကောင်စီ စခန်းတွေကို အဓိကထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်တောမြို့ မှာ တစ်ခုတည်းကျန်ရှိနေတဲ့ နခခ (၅) စခန်းကိုအပြီးသတ်သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
ပုံစာ – တောင်ကုတ်မြို့အခြေစိုက် စကခ ၅ နဲ့ တပ်ရင်းများပြမြေပုံ
Photo – AA Infodesk