၄ နိုဝင်ဘာ၊ ၂၀၂၄
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ် SNAတို့ရဲ့ တပ်စခန်းနှစ်ခုကို KIA၊ PDF ပူးပေါင်းတပ်တွေ နိုဝင်ဘာ ၃ ရက်က တိုက်ခိုက် သိမ်းယူလိုက်ပြီလို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲက ဆယ်ဇင်းရွာ တဖက်ကမ်းက ရှစ်မျက်နှာ ဘုရားကုန်းနဲ့ ဘုရားကုန်းအနီးက ပန်ချယ်စခန်းကို နိုဝင်ဘာလ ၂ ရက်နဲ့ ၃ ရက်တွေမှာ သိမ်းယူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီတပ်စခန်းတွေမှာ စစ်တပ်နဲ့ ရှမ်းနီတပ် SNA အင်အား ၂၀၀ ဝန်းကျင် တပ်စွဲထားတယ်လို့ သိရပါတယ်။
အခု သိမ်းယူလိုက်တဲ့နေရာတွေဟာ ဖားကန့် ၊ ဆယ်ဇင်းတို့နဲ့ ဆက်စပ်နေပြီး ဟုမ္မလင်း မြို့နယ်ထဲမှာ ပါရှိပါတယ်။ ရှစ်မျက်နှာ ဘုရားကုန်းမှာ SNA အင်အား ၄၀၀ ဝန်းကျင်ရှိပြီး နိုဝင်ဘာလ ၂ ရက် ညနေ ၅ နာရီဝန်းကျင်က သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဘုရားကုန်းအနီးက ပန်ချယ် တပ်စခန်းကိုလည်း နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်စခန်းတွေက ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ကောင်စီ နဲ့ ရှမ်းနီ တပ်ဖွဲ့ဝင်တွေဟာ ဆယ်ဇင်းဘက်နဲ့ ဖားကန့်ဘက်ကို ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီတပ်စခန်း နှစ်ခု သိမ်းယူနိုင်မှုကို KIA နဲ့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနတို့က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒီတပ်စခန်း နှစ်ခုကို ရဖို့ ၂ ပတ်လောက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ လကုန်ကလည်း KIAနဲ့ PDF ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းရွာက စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်စခန်းတစ်ခုကို သိမ်းယူနိုင်ခဲ့ပါတယ်။ အောက်တိုဘာလဆန်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ SNA တပ်တွေ အင်အားထောင်ချီတဲ့ ပင်လည်ဘူးမြို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့၊ ဟုမ္မလင်းနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်က မြို့သစ်မြို့နဲ့ ခမ်းပတ်မြို့တို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ပုံစာ -အောက်တိုဘာလက စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (ပုံဟောင်း)
Photo – NUG