၂၂ အောက်တိုဘာ၊ ၂၀၂၄
အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ မတ္တရာမြို့နယ် အနောက်ဖက် ဧရာဝတီမြစ်ကမ်းတလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ နဲ့ Mi-35 လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
ပထမအကြိမ်မှာတော့ ၄နာရီ ၇မိနစ် လောက်က တံတားဦးဘက်က ဂျက်ဖိုက်တာ တစ်စီးနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး၊ ဒုတိယအကြိမ်မှာတော့ Mi-35 နှစ်စီးနဲ့ ၄ နာရီ၁၄ မိနစ် နဲ့ ၄ နာရီ ၄၈ မိနစ်တို့မှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေအပြီးမှာ Mi-35 တစ်စီးက စက်သေနတ်နဲ့ ဆက်ပြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၂၈ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးနဲ့ အသက် ၁နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး သားအမိ နှစ်ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရတဲ့သူလည်း ၄ ယောက်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။
နောက်ထပ်နာရီဝက်အကြာမှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ မိတ္ထီလာဘက်က ဂျက်ဖိုက်တာ တစ်စီးတို့ ပျံသန်းပြီး အချိန်အတော်ကြာ ပျံသန်းနေပြီးမှ ညနေ ၆နာရီ ၂၆ ဝန်းကျင်မှာ မတ္တရာမြို့နယ် အနောက်ဖက်ကနေ ထပ်မံ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွက် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူများရှိနေပြီး အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နယ်မြေတာဝန်ရှိသူတွေက ဒေသခံတွေကို လေကြောင်းအန္တရာယ်အတွက် လေယာဉ်သံကြားပါက အနီးအနားမှာရှိတဲ့ ဘေးကင်းရာနေရာတွေ၊ ဗုံးခိုကျင်းတွေထဲမှာ ဝပ်နေဖို့၊ ထွက်မပြေးဖို့ ၊ အစရှိတဲ့ လေကြောင်းလမ်းညွှန်မှုတွေကိုလိုက်နာဖို့ သတိပေးနေပါတယ်။
Photo – Wetlet Information Network