Homeပြည်တွင်းသတင်းစစ်တွေထောင်က နိုင်ကျဉ်းအများစုပါဝင်တဲ့ အကျဉ်းသား ၃၅၁ ဦးကို ပုသိမ်ထောင်ရုတ်တရက်ပြောင်း

စစ်တွေထောင်က နိုင်ကျဉ်းအများစုပါဝင်တဲ့ အကျဉ်းသား ၃၅၁ ဦးကို ပုသိမ်ထောင်ရုတ်တရက်ပြောင်း

၁၃ အောက်တိုဘာ၊ ၂၀၂၄

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်က ထောင်ပြောင်းရွှေ့ဖို့ ခေါ်ထုတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၃၅၁ ဦးဟာ ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်ကို ရောက်ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အောက်တိုဘာလ ၁၂ ရက်က ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံရေးအကျဉ်းသားအများစုပါဝင်တဲ့ အကျဉ်းသား ၃၅၁ ဦးဟာ အောက်တိုဘာ ၁၀ရက်နေ့ ညနေပိုင်းမှာ ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်ကို ရောက်ရှိလာပြီး စားသောက်နေထိုင်ရေးခက်ခဲနေတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

၃၅၁ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါး ပါဝင်နေပြီး အများစုဟာ AA နဲ့ ဆက်စပ်ပတ်သတ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ထောင်ပြောင်းချိန်မှာ ပစ္စည်းတွေသိမ်းဖို့ အချိန်မပေးတာနဲ့ သယ်ဆောင်ခွင့်မပေးတာကြောင့် စစ်တွေထောင်က ပြောင်းလာသူတွေဟာ စားသောက်ရေးနေထိုင်ရေးတွေမှာ ခက်ခဲနေပါတယ်။

စစ်တွေထောင်က နိုင်ငံရေးအကျဉ်းသား ၃၆၆ ဦးကို အောက်တိုဘာ ၈ ရက်ညက ရုတ်တရက်ပြောင်းရွှေ့ခဲ့ပြီး ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေ ဘယ်ထောင်ကို ရောက်လဲဆိုတာ ဆက်ပြီး စောင့်ကြည့်နေတယ်လို့ PPNM ဘက်က ပြောဆိုကြောင်း သိရပါတယ်။ စစ်တွေမြို့ကနေ စစ်ရေယာဉ် ၃ စီးနဲ့ သယ်ဆောင်ပြီး အင်းစိန်ထောင်နဲ့ပုသိမ်ထောင်ကို ပို့ဆောင်ပေးတယ်လို့ သိရပြီး ကျန်တဲ့အကျဉ်းသားတွေ အင်းစိန်ထောင်ကို ရောက်ရှိတဲ့သတင်းတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

ပြောင်းရွှေ့ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဗျိုင်းဖြူရွာသား ၂၀၀ ကျော်နဲ့ ရခိုင်အခြေစိုက် DMG သတင်းဌာနက သတင်းထောက်တစ်ဦးနဲ့ ရုံးဝန်ထမ်းတစ်ဦးလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ထောင်ပြောင်းလာသူတွေအတွက် မိသားစုက ထောင်ဝင်စာပို့ဖို့ ခက်ခဲနိင်တာကြောင့် PPNM က ထောင်ဝင်စာ ပို့ဖို့စီစဉ်နေပြီး ဝိုင်းဝန်းကူညီဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းဖော်ပြထားပါတယ်။

Photo – Citizen

ဆက်စပ် သတင်းများ

Most read